ယာဂင်ကလော့ပ်ဟာ အာဆင်နယ်ကို ၃-၁ ဖြင့် ရှုံးခဲ့တဲ့ ပွဲစဉ်မှာ ကွင်းလယ်လူ ဂရာဗင်ဘက်ချ်ရဲ့ နှေးကွေးလေးလံနေမှုအပေါ် အကြီးအကျယ် ဒေါသထွက်ခဲ့ပါတယ်။

အဆိုပါပွဲမှာ ဂရာဗင်ဘက်ချ်ဟာ Boxing Day နောက်ပိုင်း ပထမဆုံး ပရီးမီးယားလိဂ် ပွဲထွက်မှုအဖြစ် ဒဏ်ရာရနေတဲ့ ဆိုဘိုစလိုင်းအစား ညာခြမ်း ကွင်းလယ်လူ နေရာက ပါဝင်လာခဲ့တာပါ။ ဒါပေမယ့်လို့ နယ်သာလန်သားဟာ ကွင်းထဲမှာ စွမ်းဆောင်ရည်ပိုင်း အားနည်းခဲ့ကာ ၅၈ မိနစ်မှာတော့ လူစားလဲခံခဲ့ရပါတယ်။

ပွဲချိန် ၁၄ မိနစ်အတွင်း ဂက်ပိုနဲ့ ဂရာဗင်ဘက်ချ်တို့ရဲ့ ဘောလုံးကို ဖိအားပေးဖို့ အားတက်သရော မရှိပုံက တစ်ဆင့် ဂိုးပေးခဲ့ရတာပါ။ ဆာကာ ဂိုးရအပြီးမှာ ကလော့ပ်က နယ်သာလန်သား ကွင်းလယ်လူအား ဒေါသထွက်နေမှုကို ကွင်းထဲက Hawkeye ကင်မရာပြကွက်မှာ ပြန်လည် မြင်တွေ့နေခဲ့ရတာ ဖြစ်ပါတယ်။

Sky Sports ရဲ့ Monday Night Football အစီအစဉ်မှာ အဆိုပါ ဗီဒီယိုကို ဖွင့်ပြခဲ့ရင်း ကာရေဂါကပဲ

‘ ကလော့ပ်က အဲ့တာကြောင့်ပဲ ညာခြမ်း တြိဂံအတွဲအကြောင်းကို ထည့်ပြောသွားတာပါ။ ညာခြမ်းမှာ အစားဝင်ကစားတဲ့ ဂက်ပိုနဲ့ ဂရာဗင်ဘက်ချ်တို့ ရုန်းကန်ခဲ့ရတယ်။ သူတို့ရဲ့ ဖိအားပေးမှုတွေက ချိန်သားမကိုက်ခဲ့ပါဘူး ’ လို့ ဆိုသွားခဲ့တာ ဖြစ်ပါတယ်။