ပရီးမီးယားလိဂ် ပွဲစဉ် ၂၃ မှာ အမှတ်ပေး ဇယား ဦးဆောင်သူ လီဗာပူးကို အနိုင်ယူသွားတာက အာဆင်နယ် ဖြစ်ပေမယ့် ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်နိုင်ခြေ ထိုးတက်သွားတာက မန်ချက်စတာ စီးတီး ဖြစ်ပါတယ်။
အာဆင်နယ် အသင်းဟာ ဇယားထိပ်နဲ့ နှစ်မှတ် အကွာမှာ ရှိနေသော်လည်း မန်စီးတီးကလည်း တစ်ပွဲလျော့ ကစား ရမှတ်တူနဲ့ ဒုတိယ နေရာမှာ ရပ်တည်နေပါတယ်။ မန်စီးတီးဟာ ပွဲကျန် တစ်ပွဲကို အနိုင် ကစားရင် လီဗာပူးကိုပါ ကျော်ဖြတ်ပြီး ပထမ နေရာကို သိမ်းပိုက်နိုင်မှာ ဖြစ်ပါတယ်။
အချက်အလက်တွေ ကို အခြေခံ တွက်ချက်တဲ့ Opta စူပါကွန်ပျူတာရဲ့ ပွဲစဉ် ၂၃ အပြီး ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်နိုင်ခြေ ရာခိုင်နှုန်းမှာ မန်စီးတီးက အခြေအနေ အကောင်းဆုံး ဖြစ်သွားပါတယ်။
ပရီးမီးယားလိဂ် ဖြစ်နိုင်ခြေ ရာနှုန်းမှာ မန်ချက်စတာ စီးတီး အသင်းက ၆၆.၂ % နဲ့ အလားအလာ အကောင်းဆုံး ဖြစ်သွားခဲ့ပါတယ်။ ပွဲစဉ် ၂၃ အပြီး ထိခိုက်မှု အကြီးဆုံးကတော့ လီဗာပူး ဖြစ်ခဲ့ပြီး သူတို့ ချန်ပီယံ ဖြစ်နိုင်ခြေဟာ ၂၆% ပဲ ရှိနေပါတယ်။
စီးတီးဟာ ပွဲကျန် တစ်ပွဲကို လာမယ့် နှစ်ပတ် အတွင်း ကစားတော့မှာ ဖြစ်ပြီး အနှေးနဲ့ အမြန်ဆိုသလို လီဗာပူးကို ကျော်တက်ဖို့ များသွားပါတယ်။
အာဆင်နယ်ရဲ့ ချန်ပီယံဖြစ်နိုင်ချေက ၇.၄% ဖြစ်ကာ အာတီတာရဲ့ အသင်းက ချန်ပီယံ ပြေးလမ်းမှာ မန်စီးတီး၊ လီဗာပူးကို ကျော်ဖြတ်နိုင်မလားကတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။