မန်ယူအသင်း တာဝန်ရှိသူတွေဟာ လက်စတာခံစစ်မှူး မက်ဂွဲရားကို ခေါ်ယူဖို့ စိတ်ဝင်စားပေမယ့် ကစားသမားအတွက် တောင်းဆိုခံထားရတဲ့ ပေါင် ၈၀-၉၀ သန်းဆိုတဲ့ ပမာဏနဲ့ဆိုရင် ကမ်းလှမ်းမှုတွေ လုပ်သွားမှာ မဟုတ်ပါဘူး။

အသင်းတာဝန်ရှိသူတွေက လက်စတာကို ဈေးချပေးဖို့သဘောထားတွေ ပြသလာချိန်မှာပဲ ပရိသတ်တွေဘက်က ဈေးကွက်မှာ ပေါင် ၄၀ သန်းတောင် မတန်တဲ့ ကစားသမားအတွက် သန်း ၈၀ ကို အသုံးပြုမယ်ဆိုရင် ရူးမိုက်တာပါလို့ မှတ်ချက်ပေးလာခဲ့တယ်။

လီဗာပူးအသင်းဟာ ၂၀၁၈ တုန်းက ဗန်ဒိုက်ကို ကမ္ဘာစံချိန်တင်ကြေး ပေးခဲ့တဲ့နောက် ခံစစ်သမားတွေရဲ့ ဈေးနှုန်းက မြင့်တက်လာခဲ့ပါပြီ။ မန်ယူဟာ ခံစစ်သမားသစ် ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး လက်စတာရဲ့ မက်ဂွဲရားက ဦးစားပေးထဲ ပါဝင်နေတာပါ။

လက်စတာရဲ့ တောင်းဈေးက အရမ်းကို မြင့်မားပြီး ပေါင် ၈၀ သန်းကနေ ပေါင် ၉၀ သန်းထိ တောင်းဆိုခြင်းကြောင့် ကလပ်တာဝန်ရှိသူတွေက ကမ်းလှမ်းမှုလုပ်ဖို့ စိတ်ပျက်နေခဲ့တာဖြစ်တယ်။ သရဲနီတွေကတော့ လက်စတာရဲ့ တောင်းဈေးကို စိတ်ပျက်ဒေါသထွက်နေပြီး ခေါ်ယူမှု မလုပ်ဖို့ အသင်းတာဝန်ရှိသူတွေ တောင်းဆိုနေကြပါတယ်။

မက်ဂွဲရားကို သန်း ၈၀ လောက်ထိ ပေးမယ့်အစား နာပိုလီခံစစ်မှူး ကူလီဘာလီနဲ့ အခြားသော ထိပ်တန်း ခံစစ်မှူုးတွေကို ခေါ်ယူဖို့ တိုက်တွန်းနေကြပေမယ့် ကလပ်ဘက်ကတော့ အတည်ပြု ကမ်းလှမ်းမှုတွေ မလုပ်သေးပဲ ဈေးမေးမှုနဲ့ပဲ အချိန်ကုန်နေဆဲဖြစ်တယ်။

မန်ယူဟာ ခံစစ်ပိုင်းမှာ အင်အားဖြည့်ဖို့ သေချာပေါက် လိုအပ်နေပေမယ့် ကမ်းလှမ်းမှုတွေတိုင်းမှာ ဈေးမတရား တင်ခံနေရတာကြောင့် ခက်ခဲမှုတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။