မနေ့ညက အက်ဖ်အေဖလား ဒုကျော့ ပြန်ကန်ပွဲမှာ ချယ်ဆီးအသင်းဟာ နည်းပြ အမ်မရီရဲ့ အက်စတွန်ဗီလာကို အဝေးကွင်း သွားရောက် ရင်ဆိုင်ပြီး ၃-၁ ဖြင့် အနိုင်ယူကာ အက်ဖ်အေဖလား နောက်တစ်ဆင့် သို့ တက်ရောက်သွားခဲ့ပါပြီ။
ဒီပွဲ ကစားခဲ့တဲ့ ချယ်ဆီးဟာ အတိတ်က အသင်းဟောင်းကို ပြန်မြင်ယောင်စေတဲ့ထိ ကောင်းခဲ့ပါကြောင်း သရဲနီဟောင်းကြီး ရွိုင်ကိန်းက အခုလို ချီးကျူးလိုက်ပါတယ်။
ရွိုင်ကိန်းက ” အရင်က ချယ်ဆီးအသင်းကို မြင်နေရသလိုပဲ။ သိပ်တော်တယ်၊ ရုပ်ပိုင်းဆိုင်ရာ သန်မာပြီး ဘောလုံးပိုင်ဆိုင်မှု သိပ်ကောင်းတယ်။ ဆုံးဖြတ်ချက်ကောင်းတွေ မြင်ရတယ်။ ထိပ်တန်း ဂိုး၂ ဂိုးလည်း သွင်းခဲ့တယ်။
ချယ်ဆီး သိပ်ကောင်းတာကို အသိအမှတ်ပြု ချီးကျူးရပါမယ်။ ဘောလုံးကို အမဲလိုက်ပြီး အသင်းတစ်သင်းလို ကစားခဲ့ပါတယ်။ သူတို့ရဲ့ ဒုတိယဂိုးဆို သိပ်ချစ်ဖို့ကောင်းတယ်။ အရည်အချင်း အပြည်ပါပဲ။ ” လို့ ချီးကျူးခဲ့ပါတယ်။
ချယ်ဆီးဟာ အက်ဖ်အေဖလား နောက်တစ်ဆင့် တက်သွားပေမယ့် ပရီးမီးယားလိဂ်မှာ ရလဒ် မကောင်းသေးဘဲ အဆင့် ၁၁ မှာ ရှိနေပါတယ်။
ရွိုင်ကိန်းကပဲ ” ပွဲကြိုတွေတုန်းက ဗီလာကို ချီးကျူးပြီး ချယ်ဆီးကို နှိမ်ခဲ့ကြတယ်။ အဲ့တာကြောင့် ချယ်ဆီးက ကြိုးစား ကစားပြခဲ့တယ်။ ဒီခြေစွမ်းကို ရာသီကုန်ထိ ထိန်းသိမ်းရပါမယ်။ သူတို့ ဒီခြေစွမ်းမျိုးနဲ့ဆိုရင် ထိပ်ဆုံး ၄ သင်းကို စိန်ခေါ်နိုင်မလားပါပဲ။ ” လို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။