ပြီးခဲ့တဲ့ပွဲ အမ်းမရိတ်မှာ အာဆင်နယ်ကို အရေးနိမ့်ပြီးနောက် ယာဂင်ကလော့ပ်ရဲ့ လီဗာပူးအသင်းဟာ ဒီရာသီ ပြိုင်ပွဲစုံ ရှုံးပွဲ ၄ ပွဲ ရှိလာပြီ ဖြစ်ပါတယ်။ ဒီ ရှုံးပွဲ ၄ ပွဲ လုံးမှာ တူညီတဲ့ အချက် တစ်ချက် ထူးခြားစွာ ရှိနေပါတယ်။

အဲဒါကတော့ ထို ၄ ပွဲလုံးမှာ တိုက်စစ်မှုး ဒါဝင်နူးညက်ဇ် ပွဲထွက် လူစာရင်းမှာ မပါဝင်ခဲ့တာ ဖြစ်ပါတယ်။ စက်တင်ဘာလထဲ လီဗာပူးအသင်းက စပါးကို ၂-၁ နဲ့ အရေးနိမ့်စဉ်က နူးညက်ဇ် ဟာ အရန်ခုံမှာသာ ရှိပြီး ပါဝင် ကစားခွင့်လည်း မရလိုက်ပါဘူး။

ဒီရာသီ လီဗာပူးအသင်းရဲ့ ယူရိုပါလိဂ် ရှုံးပွဲ ၂ ပွဲလုံးမှာ ဒါဝင် နူးညက်ဇ်ဟာ ပွဲထွက်မှာ မပါဝင်ခဲ့ပါဘူး။ အခု နောက်ဆုံး ရှုံးခဲ့တဲ့ လီဗာပူးရဲ့ အာဆင်နယ်ကို ၃-၁ နဲ့ အရေးနိမ့်တဲ့ ပွဲမှာလည်း နူးညက်ဇ်က ၅၈ မိနစ်မှ စတင် ဝင်ကစားခဲ့တာပါ။

နောက်ထပ် ပို စိတ်ဝင်စားဖို့ ကောင်းတဲ့ အချက်က ဒီရာသီ လီဗာပူး ရှုံးပွဲတွေ မတိုင်ခင် ပြီးခဲ့တဲ့ရာသီ နောက်ဆုံး ရှုံးပွဲ ဖြစ်တဲ့ မန်စီးတီးကို ၄-၁ နဲ့ ရှုံးတဲ့ ပွဲမှာလည်း ဒါဝင် နူးညက်ဇ် ပွဲမထွက်ခဲ့ပါဘူး။

ကလော့ပ်ရဲ့ အသင်းမှာတော့ ဒါဝင် နူးညက်ဇ်ရဲ့ အရေးပါမှုတွေက ငြင်းဆို မရနိုင်တော့ပါဘူး။ ဒီရာသီ ကိုယ်တိုင် ၁၁ ဂိုးသွင်းပြီး ဂိုးထောက်ပံ့မှု ၁၁ ကြိမ် လုပ်ထားတဲ့ ဥရုဂွေးသားရဲ့ တိုက်စစ်ပိုင်း ပေါက်ကွဲ ကစားနိုင်ခြင်းဟာ ကလော့ပ်ရဲ့ အသင်းကို ပိုပြီး အသက်ဝင် ရုပ်လုံးကြွစေတာ အမှန်ပဲ ဖြစ်ပါတယ်။

လီဗာပူးပရိသတ်တွေကတော့ ပွဲတွေမှာ အရှုံးရလဒ် မရင်ဆိုင်ရဖို့ဆိုရင် ဒါဝင် နူးညက်ဇ်ကို လူစာရင်းထဲ အရင်ဆုံး ထည့်ထားရမယ်လို့ ထုတ်ဖော်နေကြပြီ ဖြစ်ပါတယ်။