မန်ချက်စတာ ယူနိုက်တက်ဟာ ထိပ်ဆုံး ၄ သင်း ဝင်ခွင့်အတွက် အရေးပါတဲ့ ပွဲစဉ်အဖြစ် အက်စတွန်ဗီလာနဲ့ ယှဉ်ပြိုင်ရပါမယ်။
ဗီလာဟာ အိမ်ကွင်းပုံစံ သိပ်ကောင်းပေမယ့် ယူနိုက်တက်နဲ့ပွဲ မတိုင်ခင် ၂ ပွဲဆက်တိုက် အိမ်ကွင်း ရှုံးပွဲ ရင်ဆိုင်ထားရပါတယ်။ ဒီပွဲဟာ နှစ်သင်းလုံးအတွက် အရေးကြီးတာကြောင့် ပွဲကောင်းဖြစ်လာဖွယ် ရှိနေပါတယ်။
ကလပ် ၂ သင်းကြား ရမှတ် ကွာဟမှု ၈ မှတ်ထိ ရှိနေပေမယ့် ဒီပွဲအပြီး ၅ မှတ်ထိ ကျဉ်းမြောင်းသွားနိုင်သလို ယူနိုက်တက်ရဲ့ ချန်ပီယံလိဂ်ဝင်ခွင့် အိပ်မက် အဆုံးသတ်သွားတာလည်း ဖြစ်လာနိုင်ပါတယ်။
ဝါရင့် ပရီးမီးယားလိဂ် သုံးသပ်သူ ဟယ်ရီ ရက်နက်ကတော့ ဒီပွဲနဲ့ ပတ်သက်လို့..
‘ အက်ဖ်အေဖလားပွဲမှာ အက်စတွန်ဗီလာ ရှုံးသွားတာ ကျနော် အံ့ဩမိတယ်။ သူတို့က အိမ်ကွင်းမှာ သိပ်သန်မာတာပါ။ အဲ့မတိုင်ခင် ရှက်ဖီးကိုလည်း သူတို့က ဂိုးပြတ် ခြေမှုန်းထားခဲ့တာပါ။
ယူနိုက်တက်က ဘောလုံးရာသီ အလှည့်အပြောင်းကို ရောက်နေပြီး ဒီရာသီကို ကယ်တင်နိုင်ဖို့ စတင်နေပါပြီ။ ဒီအပတ်တွေအတွင်း ဟွိုင်လန်း ဂိုးတွေရနေတာကို ကျနော် ပျော်ရွှင်မိပါတယ်။ သူလည်း အတော်လေး ဝေဖန်ခံထိထားတာပါ။
ဒီလိုတွေ ပြောနေပေမယ့် ဒီပွဲ ဗီလာပဲ နိုင်မှာပါ။ သူတို့ အိမ်ကွင်း ၂ ပွဲဆက် ရှုံးထားမှုကို တုန့်ပြန်ပြမှာပါ။ ဘိုင်လေက ဒီပွဲမှာ ယူနိုက်တက်ကို ပြဿနာတွေ ပေးပါလိမ့်မယ် ’ လို့ သုံးသပ်သွားပါတယ်။