အာဆင်နယ်နည်းပြ အာတီတာဟာ အင်္ဂလန်လိဂ်မှာ ယာဂင်ကလော့ပ် အောင်မြင်ခဲ့တဲ့ နည်းလမ်းတွေကို ထပ်တူနီးပါး လိုက်လံ တုပနေကြောင်း စွပ်စွဲချက် ထွက်ပေါ်လာနေပါတယ်။
အာတီတာဟာ လူငယ်နည်းပြတစ်ယောက်အဖြစ် သူ့ထက် ဝါပိုကြီးတဲ့ ဂွာဒီယိုလာ၊ ကလော့ပ်တို့ရဲ့ ပုံစံတွေကို တုပလေ့ရှိပါတယ်။ လီဗာပူးအသင်းရဲ့ YNWA သီချင်း အဖွင့်နဲ့ ပရိသတ်တွေကို ညီညွတ်စေမှုကို တုပပြီး အမ်းမရိတ်က ပွဲတွေမှာ North London Forever သီချင်းကို ပုံစံတူ ဖွင့်ပေးမှုတွေ ပြုလုပ်လာတယ်။
ပြီးခဲ့တဲ့ လီဗာပူးကို အနိုင်ရတဲ့ ပွဲစဉ်မှာတော့ ပွဲအပြီးမှာ အန်ဖီးကွင်းအတွင်း ကလော့ပ်ရဲ့ နာမည်ကျော် အောင်ပွဲခံပုံဖြစ်တဲ့ ပရိသတ်တွေနဲ့ လက်သီးလက်မောင်းတန်း ဟစ်ကြွေးမှုကို အာတီတာက တုပသွားခဲ့ပါတယ်။
လီဗာပူးကွင်းလယ်လူ ကာတစ်ဂျုံးကတော့ ” နည်းပြကြီးကလော့ပ်က ပရိသတ်တွေနဲ့အတူ လက်သီးလက်မောင်းတန်း အောင်ပွဲခံတာဟာ ကျနော်တို့ရဲ့ ကိုယ်ပိုင် စတိုင်ပါ။ နှစ်များစွာမှာ အသင်းတစ်သင်း အနေနဲ့ ကျနော်တို့ ဒီလိုပဲ အောင်ပွဲခံလာခဲ့ပါတယ်။
ကျနော်တို့ရဲ့ ပုံစံတွေကို သူတို့က ခိုးယူလိုတယ်။ သူတို့က ကျနော်တို့ လုပ်ခဲ့တဲ့ နည်းလမ်းအတိုင်း လိုက်လံ တုပလိုတယ်။ သူတို့မှာ အခိုက်အတန်းကောင်း ရခဲ့ပေမယ့် ခရီးရှည်ကြီး သွားရဦးမှာပါ ” လို့ မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။
လီဗာပူးအသိုင်းအဝိုင်းကတော့ သူတို့ စတိုင်တွေ လိုက်လံ တုပနေတဲ့ အာဆင်နယ်ကို မျက်စိ စပါးမွှေး ဆူးနေကြဟန်ရှိပြီး အတော်လေးကို ဝေဖန်နေကြတာ ဖြစ်ပါတယ်။