မန်စီးတီးအသင်းဟာ တိုက်စစ်မှူး ဟာလန်းရဲ့ သွင်းဂိုးတွေနဲ့အတူ အဲဗာတန်ကို ၂-၀ ဖြင့် အနိုင်ယူကာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို စတင် ဦးဆောင်ပြီ ဖြစ်ပါတယ်။
နည်းပြဂွာဒီယိုလာက ဟာလန်းကို တိုက်စစ်တင်ထားပေမယ့် ခံစစ်သမား ၄ ဦး၊ ကွင်းလယ် ခံစစ်သမား ၂ ဦး တွဲထုတ်လာခြင်းနဲ့အတူ ကစားကွက်ပိုင်းမှာ အခွင့်အရေး ဖန်တီးနိုင်စွမ်း အားနည်းခဲ့ပါတယ်။
ပထမပိုင်းမှာ မန်စီးတီးဟာ ဘောလုံးပိုင်ဆိုင်မှု သာပေမယ့်လို့ တိုက်စစ်ပိုင်း ချိတ်ဆက်ပုံ အားနည်းချက်ရှိနေပါတယ်။ ၄၅ မိနစ်လုံး ဂိုးပေါက်ကို တည့်မတ်စွာ ခြိမ်းခြောက်မှု လုံးဝ မရှိခဲ့ပါဘူး။ အဲဗာတန်ကတောင် ဂိုးပေါက် တည့်သေးတယ် ပြောရမလားပါပဲ။
ဒုတိယပိုင်းမှာတော့ ဝေါ်ကာ၊ ဒီဘရိုင်းတို့ ဝင်လာခြင်းနဲ့အတူ ကစားပုံ ပိုကောင်းလာပြီး အဲဗာတန်က ခံစစ်ကို အသေပိတ်ကစားဖို့ကို ပိုမို ဦးတည်လာခဲ့ပါတယ်။ သို့ပေမယ့် စီးတီးတို့ရဲ့ ကစားပုံ တက်သွားမှုကို အဲဗာတန်တို့ မပိတ်ဆို့နိုင်ပါဘူး။
ထောင့်ကန်ဘောက ရလာတဲ့ အခွင့်အရေးကို ဟာလန်းရဲ့ ပိုင်နိုင် သေချာလှတဲ့ ကန်ချက်ကြီးဟာ ဒီပွဲအတွင်း မန်စီးတီးရဲ့ ပထမဆုံး ဂိုးပေါက် တည့်မတ်မှု ဖြစ်ခဲ့သလို သွင်းဂိုးလည်း ဖြစ်ခဲ့ပါတယ်။
ထပ်ပြီးလည်း အဲဗာတန်တို့ အခွင့်အရေးရှာနေမှုကို ဖိအားပေး ရယူပြီး အကီ၊ ဒီဘရိုင်းတို့က တစ်ဆင့် ဟာလန်း ဘောလုံးရချိန်မှာ ပြိုင်ဘက် ခံစစ်မှူးကို ဘော်ဒီ ယှဉ်တိုက်ပြီး ဂိုးယူခဲ့တာကလည်း ပရီးမီးယားလိဂ်ရဲ့ ကြောက်စရာ အကောင်းဆုံး နံပါတ် ၉ သမားဆိုတာကို ပြန်သတိရစေခဲ့ပါတယ်။
မန်စီးတီးဟာ ဒီနိုင်ပွဲကြောင့် လီဗာပူး၊ အာဆင်နယ်တို့နဲ့ ပွဲတူကစားကာ ဒုတိယနေရာက အသင်းကို ၁ မှတ်ဖြတ်ပြီး ပရီးမီးယားလိဂ်ကို စတင် ဦးဆောင်သွားပြီ ဖြစ်ပါတယ်။