ဂျူဗင်တပ်၊ အင်တာမီလန်နဲ့ အေစီမီလန်တို့ဟာ စီးရီးအေကို ကလပ် အသင်း ၂၀ ပြိုင်ဆိုင်မှုကနေ ၁၈ သင်းထိ လျော့ချနိုင်ဖို့ ကြိုးစားနေကြတယ်လို့ သိရပါတယ်။

ဒီအစီအစဉ်ကို အီတလီဘောလုံးအဖွဲ့ချုပ် ဘက်က အဆိုတင်လာခြင်းဖြစ်ကာ အီတလီလိဂ်ရဲ့ အောင်မြင်မှု အကြီးမားဆုံး ကလပ် ၃ သင်းက ထောက်ခံမှု ပေးလာပါတယ်။

ဒါပေမယ့် စီးရီးအေကလပ် အများစုကတော့ ဒီအဆိုကို ပယ်ချကြဖွယ် ရှိပါတယ်။ အင်တာ၊ အေစီနဲ့ ဂျူဗင်တပ် အသင်းတို့ရဲ့ အကြီးအကဲတွေကတော့ အဖွဲ့ချုပ်ရဲ့ ရုံးမှာ ဒီကိစ္စကို ဆွေးနွေးနေပါတယ်။

ယခင်တုန်းက စီးရီးအေပြိုင်ပွဲကို ကလပ် ၁၈ သင်းပဲ ယှဉ်ပြိုင်ကြတာပါ။ ၂၀၀၄-၂၀၀၅ ဘောလုံးရာသီက စပြီး စီးရီးအေကို အသင်းပေါင်း ၂၀ အထိ တိုးမြင့်ခဲ့ခြင်းဖြစ်ပါတယ်။

ဒါပေမယ့် အင်္ဂလန်၊ စပိန်နဲ့ ဂျာမာန်လိဂ်တွေရဲ့နောက်ထံ ရောက်လာနေတဲ့ အီတလီလိဂ်ပြိုင်ပွဲကို အရည်အချင်းပိုင်း ပိုတိုးတက်လာစေဖို့ရာ ပြိုင်ပွဲဝင် အရည်အတွက်အား လျော့ချဖို့ ဆန္ဒရှိလာကြတာပါ။

စီးရီးအေလိဂ်ကို ၁၈ သင်းအဖြစ် ပြန်လည် ဖွဲ့စည်းရေးအတွက် အကျိတ်အနယ် ဆွေးနွေးမှုကိုတော့ မတ်လ ၁၁ ရက်နေ့မှာ ပြုလုပ်သွားဖို့ ရှိပါတယ်။