အက်စတွန်ဗီလာ ပရိသတ်တွေကတော့ တနင်္ဂနွေနေ့တုန်းက မန်ချက်စတာ ယူနိုက်တက်ကို ၂-၁ ဖြင့် အရေးနိမ့်တဲ့ပွဲမှာ ဟွိုင်လန်းရဲ့ သွင်းဂိုးမတိုင်ခင် ကာဆီမီရို လူကျွံကြောင်း ထောက်ပြလာကြပါတယ်။

ယူနိုက်တက်ဟာ ပွဲချိန် ၁၇ မိနစ်မှာတင် ထောင့်ကန်ဘောက အခွင့်အရေးကို မက်ဂွဲရား ခေါင်းတိုက်မှုကနေ ဟွိုင်လန်းက ထပ်ဆင့် ပိတ်သွင်းခဲ့တာပါ။ အဆိုပါ ထောင့်ကန်ဘောကို ဖြစ်စေခဲ့တဲ့ ဖြစ်ရပ်မှာ ကာဆီမီရိုက လူကျွံနေခဲ့တာဖြစ်ပါတယ်။

အနှေးပြကွက်တွေမှာတော့ တည်ကန်ဘောကို ခေါင်းခုန်တိုက်ဖို့ ကြိုးစားနေတဲ့ ကာဆီမီရိုဟာ လူကျွံအခြေအနေမှာ ရှိနေခဲ့ကြောင်း မြင်တွေ့ခဲ့ရတယ်။ ဒါပေမယ့် မြန်မြန်ဆန်ဆန် ထောင့်ကန်ဘောဖြစ်သွားခြင်းနဲ့အတူ VAR က အဆိုပါဖြစ်ရပ်ကို ပြန်မစစ်ဆေးခဲ့တာလို့ ယူဆရပါတယ်။

အက်စတွန်ဗီလာ ပရိသတ်တွေကတော့ ထိပ်ဆုံး ၄ သင်းထဲ ပါဝင်နိုင်ရေး ပြိုင်ဆိုင်မှုမှာ အရေးပါတဲ့ ပွဲအတွင်း ဒိုင်တွေရဲ့ ဆုံးဖြတ်ချက်ဟာ ရလဒ်အပေါ် သက်ရောက်စေခဲ့တယ်လို့ ဝေဖန်နေကြပါတယ်။

‘ အငြင်းပွားစရာ သွင်းဂိုးပါ။ ဖရီးကစ်မှာ ကာဆီမီရိုက လူကျွံနေပေမယ့် အဲ့ကနေ ထောင့်ကန်ဘော ပေးလိုက်ရပါတယ်။ ဒါက အငြင်းပွားစရာပဲ။ ငါတော့ မန်ချက်စတာ ယူနိုက်တက်ကို မုန်းလိုက်တာကွာ။ ‘

‘ ဒီနေ့ခေတ် ဘောလုံးကို အတော်လေး မုန်းပါတယ်။ အမှားတွေ သိပ်မလုပ်မိပေမယ့် ရှုံးတဲ့အသင်းဖြစ်ခဲ့ရတယ်။ ဒိုင်တွေရဲ့ ဆုံးဖြတ်ချက်ကလည်း ဗီလာကို ဆန့်ကျင့်နေကြတာပါပဲ။ အသဲယားမိတယ်။ ‘

‘ ဘာပဲဖြစ်ဖြစ် သူ ဝင်ပါလိုက်ကတည်းက ကာဆီမီရိုက လူကျွံနေတာပါ။ ဘောလုံးကို မထိပေမယ့် တည်ကန်ဘောမှာ သူလည်း ပါဝင်ကစားခဲ့တာပါပဲ။ ‘

‘ ဒိုင်လူကြီးက မှန်ကန်တဲ့ ဆုံးဖြတ်ချက်လုပ်ဖို့ ကြောက်ရွံ့လွန်းသလို VAR အပေါ် အားကိုးလွန်းခဲ့တယ်။ ‘ စသဖြင့် ဝေဖန်ခဲ့ကြတာ ဖြစ်ပါတယ်။