ဒီရာသီကုန်ရင် လီဗာပူးနည်းပြရာထူးက နှုတ်ထွက်တော့မယ့် နည်းပြကလော့ပ်ဟာ မတ်လ ၁၀ ရက်နေ့ အန်ဖီးကွင်းမှာ မန်စီးတီးနည်းပြ ဂွာဒီယိုလာနဲ့ ထိပ်တိုက် ယှဉ်ပြိုင်ရပါဦးမယ်။

ကုန်ခဲ့တဲ့ ဆယ်စုနှစ်မှာ ဒီနှစ်သင်းဟာ အင်္ဂလန်ဘောလုံးလောကကို လွှမ်းမိုးခဲ့သလို ချန်ပီယံလိဂ်ဖိုင်နယ်ကို ၂ သင်းပေါင်း ၅ ကြိမ် တက်ရောက်နိုင်ခဲ့ပါတယ်။ အင်္ဂလန် ဘောလုံးလောကကနေ ကလော့ပ် ထွက်ခွာသွားမှာဖြစ်ပေမယ့် ဂွာဒီယိုလာကတော့ မန်စီးတီးမှာ ဆက်ရှိနေဦးမှာ ဖြစ်ပါတယ်။

TNT Sports ကတော့ ပိုကောင်းတဲ့ ဂွာဒီယိုလာ ဖြစ်လာဖို့ ကလော့ပ်ဆိုတဲ့ ပြိုင်ဘက်က ဘယ်လောက်ထိ အရေးပါခဲ့လဲလို့ မေးမြန်းခဲ့တယ်။

ဂွာဒီယိုလာက “ သိပ်သေချာတာပေါ့။ အကြိမ်တိုင်း ကလော့ပ်လို ပြိုင်ဘက်ကြောင့် ပိုကောင်းတဲ့သူ ဖြစ်လာရတယ် ဖြေမှာပါပဲ။ အောင်မြင်မှုဆိုတာ ကိုယ့်ပြိုင်ဘက်ပေါ် မူတည်ပါတယ်။ ကိုယ့်ပြိုင်ဘက်က သိပ်မကောင်းရင် အောင်မြင်မှုကလည်း မကြီးကျယ်ပါဘူး။

ဒါပေမယ့် လီဗာပူးလို အသင်းနဲ့ နှစ်တွေအကြာကြီး ပြိုင်ဆိုင်နေရတယ်။ တခါတလေတော့လည်း သူတို့ကို အနိုင်ရခဲ့တယ်။ ဒါကပဲ ကျနော်တို့ ဘယ်လောက် ကောင်းကောင်း လုပ်နိုင်ခဲ့တာကို ပြသပါတယ်။

သူတို့လည်း အလားတူပါပဲ။ သူတို့ ကျနော်တို့ကို အနိုင်ရခဲ့တာတွေ ရှိပါတယ်။ ဒီလို အောင်မြင်မှုတွေကပဲ အသင်းတစ်သင်း အနေနဲ့ ကျနော်တို့ ဘာလုပ်ခဲ့တယ်ဆိုတာ အကောင်းဆုံး တိုင်းတာနိုင်တာပါပဲ ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဂျာမနီနဲ့ အင်္ဂလန်မှာ ကလော့ပ်နဲ့ ဂွာဒီယိုလာတို့ဟာ ၂၉ ကြိမ်ထိ ထိပ်တိုက်တွေ့ဖူးပါတယ်။ ကလော့ပ်က ၁၂ ကြိမ် အနိုင်ရပြီး ဂွာဒီယိုလာက ၁၁ ကြိမ် အနိုင်ရထားကာ ၆ ကြိမ်ကတော့ သရေရလဒ် ထွက်ပေါ်ထားခဲ့ပါတယ်။

မတ်လ ၁၀ ရက်နေ့ ပွဲစဉ်ကတော့ သူတို့ နှစ်ဦးကြား အကြိမ် ၃၀ မြောက် ထိပ်တိုက်တွေ့မှု ဖြစ်လာမှာပဲ ဖြစ်ပါတယ်။