ဂန်းနား ဂန္တဝင် တိုက်စစ်မှုးဟောင်းကြီး သီယာရီ အွန်နရီ ကတော့ လက်ရှိ အာဆင်နယ်မှာ နံပါတ် ၉ အထောင် တိုက်စစ်မှုး စစ်စစ် မရှိတာက ပြသနာ မဟုတ်ဘူးလို့ ထင်မြင်နေပြီး ချန်ပီယံလိဂ် ဗိုလ်စွဲနိုင်ဖို့ အခွင့်အရေးက ရှိနေတယ် လို့ပါ သုံးသပ် ပြောဆိုလာပါတယ်။

အာဆင်နယ်က နောက်အပတ်မှာ ချန်ပီယံလိဂ် ရှုံးထွက်အဆင့် အဖြစ် ပေါ်တို ကိုအဝေးကွင်း သွားရောက် ရင်ဆိုင် ကစားရမှာပါ။ ဒီပွဲဟာ အာဆင်နယ် အတွက်တော့ ၇ နှစ် အတွင်း ပထမဆုံး ချန်ပီယံလိဂ် ရှုံးထွက် ပွဲစဉ်လည်း ဖြစ်ပါတယ်။

ဒီရာသီ ချန်ပီယံလိဂ် ဗိုလ်စွဲဖို့ ရေပန်းစားတဲ့ အသင်းတွေထဲမှာ အာဆင်နယ်ကလည်း မန်စီးတီး၊ ဘိုင်ယန်မြူးနစ်၊ ရီးရဲလ်မက်ဒရစ်တို့နဲ့ အတူ ပါဝင်နေပါတယ်။ တချိန်တည်းမှာပဲ ပရီးမီးယားလိဂ် အတွက် ရေပန်းစား အသင်းတွေထဲမှာလည်း အာဆင်နယ်က ပါဝင်နေပါတယ်။

အာဆင်နယ်ဟာ တိုက်စစ်မှုး စစ်စစ် မရှိတာ အတွက် စိုးရိမ်စရာ မရှိဘဲ ချန်ပီယံလိဂ်မှာ ဘယ်ပြိုင်ဘက်နဲ့ တွေ့မလဲ ဆိုတာ အပေါ်ပဲ မူတည်ပြီး ဗိုလ်စွဲနိုင်ခြေကို စောင့်ကြည့်ရမှာပါ လို့ အွန်နရီက အခုလို သုံးသပ်ပါတယ်။

” ပေါ်တိုကို အဝေးကွင်း သွားရောက် ရင်ဆိုင်ရမှာက ခက်ခဲမှာပါ။ ဒါပေမယ့် ဒီ စိန်ခေါ်မှုကို သူတို့ ကျော်ဖြတ် နိုင်မယ် လို့ ကျွန်တော် ထင်တယ်။ နောက်ပြီး အိမ်ကွင်းမှာလည်း သူတို့က ပေါ်တိုကို အနိုင် ကစားနိုင်တယ်။

အခွင့်အရေးတွေကိုသာ ဂိုးအဖြစ် ပြောင်းလဲနိုင်ရင် အာဆင်နယ်က အနိုင်ယူရ ခက်တဲ့ အသင်း တစ်သင်း ဖြစ်လာပါမယ်။ ကျွန်တော့် အမြင်တော့ နံပါတ် ၉ တိုက်စစ်မှုး ရှိ၊ မရှိ အပေါ် မူတည်တယ် မထင်ဘူး။

ဒီလို ပြောပေမယ့် ဘယ်ပြိုင်ဘက်နဲ့ ကျမလဲ မဆိုတာကလည်း ရှိသေးတယ်။ ပေါ်တိုက ခက်ခဲတဲ့ ပြိုင်ဘက်ပါ၊ သူတို့ကို ကျော်နိုင်ရင် မန်စီးတီး ဒါမှမဟုတ် ရီးရဲလ်မက်ဒရစ်နဲ့ တွေ့နိုင်တယ် ..

ဒါတွေကို ဘယ်လို ရင်ဆိုင် ကျော်ဖြတ်နိုင်မလဲ ဆိုတဲ့ အပေါ်ပဲ မူတည်ပါမယ်။ ဒီမေးခွန်းတွေကို အသင်းကပဲ အဖြေ ပေးသွားရမှာပါ။ ” လို့ အွန်နရီ က ပြောဆိုသွားခဲ့ပါတယ်။