ဒီလ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ကာရာဘောင်းဖလား ဖိုင်နယ်ပွဲကြိုမှာ လီဗာပူးအသင်းဟာ ဒဏ်ရာ ပြဿနာ ထိုးနှက်ချက်တွေ ရင်ဆိုင်လာရပြီ ဖြစ်ပါတယ်။
ဘန်လေကို အနိုင်ရတဲ့ပွဲအတွင်း ညာအစွန်လူ ထရန့်ဟာ ဘယ်ဘက် ဒူးမှာ နာကျင်မှု ခံစားရတာကြောင့် ပွဲချိန် ၄၅ မိနစ်မှာတင် လူစားလဲခံခဲ့ရပါတယ်။ ဒဏ်ရာက မပြင်းထန်ပေမယ့် လူစားလဲမှု ပြုလုပ်ဖို့ ဆုံးဖြတ်လိုက်ကြောင်း ကလော့ပ်က ပြောခဲ့ပါတယ်။
ဒါပေမယ့် ထရန့်ရဲ့ ဒဏ်ရာဟာ ခပ်မြန်မြန် ပြန်သက်သာလာခြင်း မရှိကာ ဒီလထဲ ယှဉ်ပြိုင်ရမယ့် ကာရာဘောင်းဖလား ပွဲစဉ်ကို လွဲချော်ဖို့ သေချာခဲ့ပါပြီ။
လီဗာပူးအသင်း ညာခြမ်းမှာ အသက် ၂၀ အရွယ် ဘရတ်ဒလေ အစားဝင်လာဖို့ ရှိနေပါတယ်။ ပြီးခဲ့တဲ့လအတွင်း လီဗာပူးအတွက် ၆ ပွဲ ပွဲကစားပေးခဲ့တဲ့ ဘရတ်ဒလေဟာ ကိုယ်တိုင် ၁ ဂိုးသွင်းပြီး ဂိုးထောက်ပံ့မှု ၅ ကြိမ် လုပ်နိုင်ခဲ့သလို ဇန်နဝါရီလအတွက် လီဗာပူးအသင်း တစ်လတာ အကောင်းဆုံး ကစားသမားဆုပါ ရရှိခဲ့ပါတယ်။
ဇန်နဝါရီလ အစတုန်းက နယူးကာဆယ်ကို ရင်ဆိုင်ကစားစဉ် တံကောက်ကြော ဒဏ်ရာရခဲ့တဲ့ ဆိုဘိုစလိုင်းဟာလည်း အခုချိန်ထိ လေ့ကျင့်ရေး ပြန်မဝင်နိုင်သေးပါဘူး။ သူကလည်း ဖေဖော်ဝါရီလ အကုန်ထိ ဘောလုံးပြန်ကစားနိုင်ဖွယ် မရှိပါဘူး။
ချယ်ဆီးနဲ့ပွဲစဉ်မှာ ထရန့်နဲ့ ဆိုလိုစလိုင်းတို့ ပါဝင်နိုင်မှာ မဟုတ်ပေမယ့် အီဂျစ်အသင်းနဲ့အတူ သွားရောက် ပူးပေါင်းစဉ် ဒဏ်ရာရခဲ့တဲ့ ဆာလာကတော့ ပြန်ပြီး ပွဲထွက်နိုင်မယ်လို့ သိရပါတယ်။