ချန်ပီယံလိဂ် ရှုံးထွက်အဆင့် ပွဲစဉ်မှာ လာဇီယိုကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့နောက် ဟယ်ရီကိန်း ကိုယ်တိုင်ကပဲ ဘိုင်ယန်မြူးနစ်ဟာ ယုံကြည်မှုနဲ့ ခွန်အားတွေ ကုန်ဆုံးနေပါကြောင်း ဝန်ခံလိုက်ပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ ကွာတားဖိုင်နယ်ကို ခပ်လွယ်လွယ်ရောက်မယ်လို့ ရေပန်းစားနေခဲ့ပေမယ့် အံ့ဩလောက်တဲ့ ခြေစွမ်းတွေနဲ့အတူ လာဇီယိုကို ရှုံးနိမ့်ခဲ့တာပါ။

သောမက်စ် တူချယ်ရဲ့ အသင်းဟာ ၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဂိုးပေါက်တည့်မှု ၁ ကြိမ်တောင် မလုပ်နိုင်ခဲ့ပါဘူး။ ဒါ့အပြင် နောက်ဆုံး ၁၁ ရာသီအတွင်း ပထမဆုံးသော ချန်ပီယံလိဂ် ၁၆ သင်း ပထမအကျော့ ပွဲစဉ်ကို အရေးနိမ့်ခြင်းလည်း ဖြစ်လာခဲ့ပါတယ်။

ဘိုင်ယန်ခံစစ်မှူး အူပါမီကာနို အနီကဒ်ဖြင့် ထုတ်ပယ်ခံရခြင်းနဲ့ အင်မိုဘီလီရဲ့ ပွဲချိန် ၆၉ မိနစ်မှာ သွင်းယူတဲ့ ပင်နယ်တီ သွင်းဂိုးက လာဇီယိုကို နိုင်ပွဲရစေခဲ့တယ်။ ကိန်းဟာ ဒီပွဲမှာ ဂိုးသွင်းနိုင်မယ့် အခွင့်အရေးတွေ ရခဲ့ပေမယ့် အဆုံးသတ်ပိုင်း မကောင်းခဲ့ပါဘူး။

ဘိုင်ယန်ဟာ ပြီးခဲ့တဲ့ အပတ်ကပဲ ဘွန်ဒက်လီဂါပြိုင်ဘက် လေဗာကူဆင်ကို ဂိုးပြတ် ရှုံးနိမ့်ထားကာ အမှတ်ပေးဇယားမှာ ၅ မှတ်ပြတ်နေပါတယ်။ ချန်ပီယံလိဂ် ဒုတိယအကျော့မှာ အရှုံးရလဒ်ကို မပြောင်းလဲနိုင်ရင်တော့ ဖလားလက်မဲ့ ဘောလုံးရာသီ တစ်ခုကို ကျော်ဖြတ်ရတော့မှာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ် ပရိသတ်တွေကတော့ ဟယ်ရီကိန်းကျိန်စာဟာ သူတို့အသင်းအပေါ် သက်ရောက်မှု ရှိလာပြီးလား စတင် မေးခွန်းထုတ်လာနေကြပြီ ဖြစ်ပါတယ်။