မန်ချက်စတာ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ပြိုင်ဘက်ကလပ် နယူးကာဆယ်အသင်းမှ အားကစားဒါရိုက်တာဖြစ်သူ Dan Ashworth ကို ခေါ်ယူရေး သဘောတူညီမှု ရရှိတော့မှာ ဖြစ်ပါတယ်။
အသက် ၅၂ နှစ်အရွယ် အားကစားဒါရိုက်တာဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ လူသစ် စုဆောင်းမှုတွေကို ဦးဆောင်ပေးရမယ့်သူဖြစ်တယ်။ သူဟာ နယူးကာဆယ်မှာလည်း အလားတူ ရာထူးမျိုး ရနေပေမယ့် ယူနိုက်တက်မှာတော့ လုပ်ပိုင်ခွင့် ပိုနည်းပါးမယ်လို့လည်း သိရပါတယ်။
၂၀၂၂ မှာ ဘရိုက်တန်ကနေ နယူးကာဆယ်ထံ ပြောင်းခဲ့တဲ့ Dan Ashworth ဟာ ပရီးမီးယားလိဂ်ရဲ့ နာမည်ကျော် အားကစားဒါရိုက်တာတွေထဲက တစ်ဦးဖြစ်ပါတယ်။
မက်ကယ်လစ္စတာ၊ ကိုင်ဆီဒို အစရှိတဲ့ ကစားသမားတွေကို ဘရိုက်တန်အတွက် ရှာဖွေပေးခဲ့သလို ဖာဂူဆန်လို လူငယ်သွေးသစ်ကိုလည်း စီနီယာအဆင့်ထံ ရောက်လာအောင် ကူညီပေးခဲ့ပါတယ်။
သူဟာ နယူးကာဆယ်မှာလည်း ဘော့မန်း၊ ဂေါ်ဒန်၊ တိုနယ်လီ အစရှိတဲ့ ကစားသမားတွေကို ဦးဆောင်ခေါ်ယူပေးခဲ့သူ ဖြစ်ပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ နွေအတွက် အကြီးအကျယ် ပြင်ဆင်မှုတွေ ပြုလုပ်နေကာ အကြီးတန်း ရာထူးတွေကို တစ်နေရာပြီး တစ်နေရာ အစားထိုးလာနေပါတယ်။
Dan Ashworth ဟာ INEOS ရဲ့ အားကစားဒါရိုက်တာ Sir Dave Brailsford နဲ့အတူ ယူနိုက်တက် ခေတ်သစ်တစ်ခု အဖွင့်မှာ ကစားသမား ခေါ်ယူရေး အပိုင်းတွေကို ကြီးကြပ်ရဖွယ် ရှိနေပါတယ်။