ချယ်ဆီးအသင်း မန်နေဂျာဟောင်း ကွန်တီကတော့ ၂၀၁၇ နွေမှာ ခံစစ်မှူး ဗန်ဒိုက်ကို ဆောက်သမ်တန်ကနေ ခေါ်ယူဖို့ ကြိုးစားပေမယ့် မအောင်မြင်ခဲ့ဘူးလို့ ပြောပြလာပါတယ်။

၂၀၁၇-၂၀၁၈ ဘောလုံးရာသီ နွေစျေးကွက်မှာ ချယ်ဆီးအသင်းဟာ မန်စီးတီး၊ လီဗာပူး တို့နဲ့အပြိုင် နယ်သာလန်ခံစစ်မှူး ဗန်ဒိုက်ကို ရဖို့ အပြိုင်ကြိုးစားခဲ့ကြတာပါ။ လီဗာပူးအသင်းက ပြိုင်ဘက်တွေကို သာလွန်ဖို့ အားထုတ်ခဲ့ရင်း ပရီးမီးယားလိဂ်ထံ တိုင်ကြားခံခဲ့ရတယ်။

ဗန်ဒိုက်ကို တစ်သင်းမှ မရခဲ့ပေမယ့် ၂၀၁၈ ဇန်နဝါရီမှာတော့ လီဗာပူးအသင်းက ထိုစဉ် ခံစစ်မှူးတစ်ဦးအတွက် ကမ္ဘာ့စံချိန်တင်ကြေး ပေါင် ၇၅ သန်းဖြင့် ခေါ်ယူနိုင်ခဲ့ပါတယ်။ ဗန်ဒိုက်ဟာ လီဗာပူးနဲ့အတူ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ဖလားတွေ အောင်မြင်ခဲ့ပါတယ်။

ကွန်တီက “ ကျနော် ချယ်ဆီးကို စရောက်တော့ ပြဿနာတွေ အများကြီးနဲ့ တကယ်ကို ခက်ခဲခဲ့တယ်။ ကျနော် ပြန်ပြီး တည်ဆောက်ခဲ့ရတယ်။

ချယ်ဆီးနဲ့ ပထမဆုံး ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ဖလား အောင်မြင်ခဲ့တယ်။ ကျနော်တို့ အင်္ဂလန်ဘောလုံးလောကကို လွှမ်းမိုးနိုင်လု ဖြစ်ခဲ့ပါတယ်။ ဗန်ဒိုက်နဲ့ လူကာကူကို နွေမှာ ခေါ်ယူဖို့ ကြိုးစားခဲ့မှု အောင်မြင်ခဲ့ရင် အခြေအနေတွေ ပြောင်းလဲခဲ့မှာပါ ” လို့ ပြောပြခဲ့တယ်။

သူ့စိတ်ကြိုက် ကစားသမားတွေ မရခဲ့တဲ့နောက် ကွန်တီရဲ့ ချယ်ဆီးဟာ ပရီးမီးယားလိဂ်ဖလား ကာကွယ်နိုင်ခဲ့ခြင်း မရှိဘဲ အဆင့် ၅ နေရာကပဲ ရာသီသိမ်းခဲ့ပါတယ်။ အီတလီသားကလည်း ရာထူးကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။