မော်ရင်ညိုကတော့ ဒီရာသီ ပရီးမီးယားလိဂ်ဖလားနဲ့ ချန်ပီယံလိဂ်ဖလား စိန်ခေါ်နိုင်မယ့် အသင်းတွေကို ခန့်မှန်း ရွေးထုတ်လာခဲ့ပါတယ်။

ပရီးမီးယားလိဂ်ဖလားကို လီဗာပူး၊ မန်စီးတီး၊ အာဆင်နယ်တို့ အပြိုင်ဖြစ်နေကာ ၎င်းတို့ကြား ရမှတ်ကွာဟချက်က ၂ မှတ်ပဲ ရှိထားပါတယ်။ ချန်ပီယံလိဂ်မှာတော့ ကလပ် အများအပြားက ပြိုင်ဆိုင်နေဆဲဖြစ်ကာ ရီးရဲလ်၊ မန်စီးတီး၊ အာဆင်နယ်၊ ဘိုင်ယန်တို့က လူကြိုက်များ အသင်းတွေပါ။

ပြိုင်ပွဲနှစ်ခုလုံးမှာ လက်ရှိချန်ပီယံ မန်စီးတီးနည်းတူ အာဆင်နယ်ကလည်း စိန်ခေါ်နေပေမယ့် လန်ဒန်ကလပ် ချယ်ဆီးနဲ့ စပါး နည်းပြဟောင်း မော်ရင်ညိုကတော့ အာတီတာရဲ့ အသင်းကို ဖလားစိန်ခေါ်မယ့် စာရင်းမှာ ထည့်သွင်းခဲ့ခြင်း မရှိပါဘူး။

ရီယို ဖာဒီနန်ရဲ့ FIVE podcast ကနေ မော်ရင်ညိုက ‘ ပရီးမီးယားလိဂ်ကို စီးတီးနဲ့ လီဗာပူး ပြိုင်လိမ့်မယ်။ ဒီလို ခန့်မှန်းတာ ကျနော် မမှားဘူး ထင်တာပဲ။ ဒါပေမယ့် စီးတီးပဲ ရပါလိမ့်မယ်။

ချန်ပီယံလိဂ်ဆိုရင်တော့ မန်စီးတီးနဲ့ ရီးရဲလ်မက်ဒရစ်တို့ ပြိုင်ဆိုင်ကြပါလိမ့်မယ်။ သူတို့ မဟုတ်တဲ့ အခြား တစ်သင်းက ချန်ပီယံလိဂ်ကို စိန်ခေါ်လာနိုင်ရင် ကျနော်တော့ အတော်လေးကို အံ့အားသင့်မိမှာပါပဲ ’ လို့ ခန့်မှန်းခဲ့တာ ဖြစ်ပါတယ်။

နည်းပြဘဝ ချန်ပီယံလိဂ်ဖလား ၂ ကြိမ် အောင်မြင်ခဲ့တဲ့ မော်ရင်ညိုကပဲ ဒီရာသီ ချန်ပီယံလိဂ်ကို ရီးရဲလ်မက်ဒရစ် အနိုင်ရဖို့ မျှော်လင့်ပါတယ်လို့လည်း ဆက်ပြီး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။