ဒီအပတ် အစောဆုံးပွဲအဖြစ် လီဗာပူးအသင်းဟာ ဘရန့်ဖိုဒ့်ကို အဝေးကွင်း သွားရောက် ယှဉ်ပြိုင်ရာမှာ တိုက်စစ်မှူး ဆာလာ ခြေစွမ်းပြခြင်းကြောင့် ၄-၁ ရလဒ်နဲ့အတူ ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။
ဒီပွဲမှာ လီဗာပူးဘက်က ဂိုးသမား အယ်လီဆန် မပါနိုင်ဘဲ ဒုတိယဂိုးသမား ကလယ်ဟာ ပွဲထွက်လာခဲ့ပါတယ်။ ဆာလာကတော့ လူစားဝင်လာခြင်းဖြစ်ကာ နည်းပြကလော့ပ်က တိုက်စစ်မှာ ဒါဝင်၊ ဒီယက်ဇ်၊ ဂျိုတာ အတွဲကို ထုတ်သုံးခဲ့ပါတယ်။
လူအင်အားသာတဲ့ လီဗာပူးဟာ ပွဲကို ထိန်းချုပ်ကစားခဲ့ပေမယ့် ဂိုးစောစော ရဖို့တော့ ခက်ခဲနေခဲ့ပါတယ်။ ဘရန့်ဖိုဒ့်ဘက်ကလည်း ခပ်မာမာ တုန့်ပြန်ကစားရင်း တိုနေးရဲ့ တိုးအားနဲ့အတူ ကောင်တာတွေ ပြန်ကစားနေခဲ့တာပါ။ ဒါပေမယ့် လီဗာပူးကိုတော့ မရပ်တန့်နိုင်ခဲ့ပါဘူး။
အဖွင့်ဂိုးကတော့ ဒါဝင် နူးညက်စ်က သူမဟုတ်သလိုပဲ တည်ငြိမ်တဲ့ အဆုံးသတ်ချက်နဲ့ ဂိုးသမားကို ကျော်ချဘော ကန်သွင်းယူခဲ့တာပါ။ ပထမပိုင်းမှာ ဘရန့်ဖိုဒ့် ကစားပုံ ကြမ်းခဲ့တာကြောင့် ကာတစ်ဂျုံးနဲ့ ဂျိုတာတို့ ဒဏ်ရာတွေနဲ့ ကွင်းထဲက ထွက်ခဲ့ရပါတယ်။
ဘရန့်ဖိုဒ့်ကစားသမားက ဂျိုတာရဲ့ ဒူးကို ခန္ဓာကိုယ်နဲ့ဖိမိခဲ့တာမို့ ဒဏ်ရာက ပြင်းထန်ဖွယ်ရှိပါတယ်။ သူမတိုင်ခင် ကာတစ်ဂျုံး ခြေကျင်းဝတ် ဒဏ်ရာရခဲ့သလို ပထမပိုင်းအပြီးမှာ ဒါဝင် နူးညက်ဇ်ကလည်း ဒဏ်ရာကြောင့် လူစားလဲခံခဲ့ရပါတယ်။
ဂျိုတာနေရာ အစားဝင်လာတဲ့ ဆာလာကြောင့်ပဲ လီဗာပူးက ဒီပွဲကို ဂိုးပြတ် အနိုင်ရခဲ့တာပါ။ ဆာလာရဲ့ ဖန်တီးပေးမှုကနေ မက်ကယ်လစ္စတာ ဦးဆောင်ဂိုး ထပ်မံ သွင်းယူခဲ့တယ်။ အဲ့နောက် ဆာလာက တတိယဂိုး သွင်းယူခဲ့ကာ ဘရန့်ဖိုဒ့် ခြေပဂိုးရပေမယ့် ဂက်ပိုက ဂိုးထပ်သွင်းခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲမှာ လီဗာပူးအသင်းဟာ တည်ငြိမ်တဲ့ ကစားပုံကို ပြသခဲ့သလို တိုက်စစ်ပိုင်းမှာ အန္တရာယ်ကြီးတဲ့ အသင်းဖြစ်ကြောင်း မြင်တွေ့ခဲ့ရပါတယ်။ ပွဲကြိုမှာ အယ်လီဆန်နဲ့အတူ ဂျုံး၊ ဂျိုတာ၊ ဒါဝင် နူးညက်ဇ်တို့ ဒဏ်ရာရထားခဲ့ကာ လာမယ့် လူတန်ပွဲကို ပါနိုင်ဖို့ မသေချာတော့ပါဘူး။
လီဗာပူးအသင်းမှာ ဒဏ်ရာပြဿနာတွေ ပိုတိုးလာနေပြီး အားနိုး၊ ဆိုဘိုဇလိုင်၊ သီယေဂို၊ မာတစ်တို့ကလည်း ဒဏ်ရာပြဿနာတွေ ရှိနေတာပဲ ဖြစ်ပါတယ်။