အဲဗာတန်နဲ့ အာဆင်နယ် ကွင်းလယ်ကစားသမားဟောင်း၊ လက်ရှိ မန်စီးတီး လက်ထောက်နည်းပြ အာတီတာက ၄င်း ကစားသမား ဘ၀မှာ သွားရောက် ကစားဖို့ အကြောက်ရွံ့ဆုံးက လီဗာပူးအသင်းရဲ့ အန်းဖီးကွင်း ဖြစ်တယ်လို့ ၀န်ခံပြောဆိုလိုက်ပါတယ်။

လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့နွေက ခေါ်ယူနိုင်လုနီးပါး ရှိခဲ့တဲ့ လိုင်ယွန် ကွင်းလယ်တိုက်စစ်သမား ဖယ်ကီရာကို ခေါ်ယူဖို့ ပြန် ကြိုးစား လိုနေကြောင်း ပြင်သစ် သတင်းများမှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့နွေက ယူရို သန်း ၅၀ နဲ့ အဆင်ပြေခဲ့ပေမယ့် ဒီနွေမှာတော့ လီဗာပူးက ယူရို သန်း ၃၀ နဲ့သာ ကမ်းလှမ်းလိုနေပါတယ်။

လီဗာပူးဟာ ခံစစ်မှူးလိုဗရန်အတွက် ပြောင်းရွှေ့ကြေးကို ပေါင် ၂၅ သန်း မဟုတ်ပဲ ပေါင် ၁၈ သန်းရရင်ကို ရောင်းထုတ်မယ်လို့ သတင်းထုတ်လာပါတယ်။

လီဗာပူးဂိုးသမား အယ်လီဆန်ဟာ မနှစ်ကရာသီ ပြသခဲ့တဲ့ လက်စွမ်းနဲ့ တည်ငြိမ်တဲ့ စွမ်းဆောင်ရည်တွေကြောင့် ဘရာဇီးအသင်းမှာ အီဒါဆန်ကိုကျော်ပြီး အဓိက ပွဲထွက်ကစားသမားနေရာကို ဦးစားပေးခံရဖို့ သေချာပြီလို့ အတွင်းသတင်းတွေ ထွက်နေပါတယ်။

လီဗာပူးအသင်းဟာ ဘောလုံးရာသီသစ် မတိုင်ခင် သြဂုတ်လ ၆ ရက်နေ့ အန်းဖီးကွင်းမှာ ရှောလ်ကေးနဲ့ ခြေစမ်းပွဲ ကစားဖို့ စီစဉ်ထားခဲ့ပေမယ့် ပရီးမီးယားလိဂ် ပွဲစဉ်ဇယား ထွက်လာချိန်မှာ သြဂုတ် ၉ရက် သောကြာနေ့မှာတင် အဖွင့်ပွဲစဉ် ယှဉ်ပြိုင်ကစားရမှာ ဖြစ်တာကြောင့် ရှောလ်ကေးနဲ့ပွဲကို ဖျက်သိမ်းလိုက်ပါတယ်။

ပြင်သစ်သတင်းဌာနတွေ လီဗာပူးဟာ လိုင်လီ အသင်းရဲ့ တောင်ပံ ကစားသမား နီကိုးလပ်စ် ပီပီကို ခေါ်ယူနိုင်ခဲ့ပါက တိုက်စစ်မှူး ဆာလက်ကို ရီးရဲလ်မက်ဒရစ်ထံ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ပြန်လည် ရောင်းချဖွယ် ရှိကြောင်း ဖော်ပြနေပါတယ်။ လီဗာပူးဘက်ကတော့ ငြင်းဆန်ထားတဲ့ ကိစ္စဖြစ်ပါတယ်။

လီဗာပူး ၊ ဘာစီလိုနာ နဲ့ မန်ယူ အသင်းတို့ဟာ Fluminense အသင်းမှ အသက် ၁၇ နှစ် အရွယ် ဘရာဇီး ကစားသမား ယာအိုပတ်ဒရိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။ ကစားသမား အသက် ၁၈ နှစ်ပြည့်တဲ့ အချိန်မှာ ကြိုတင်သဘောတူညီမှု ရယူထားဖို့ဖြစ်ပါတယ်။

လီဗာပူးအသင်းသားတွေဖြစ်တဲ့ ဆာလက်၊ မာနေးနဲ့ ကီတာတို့ လက်ရွေးစင်အသင်းတွေနဲ့ ပူးပေါင်းရာမှာ ချန်ပီယံလိဂ်အောင်မြင်မှုအတွက် အသင်းဖော်တွေက ဂုဏ်ပြုကြိုဆိုခဲ့ကြပါတယ်။

အေးဂျင့်ရွိုင်အိုလာဟာ ဘယ်နိုင်ငံမှာမဆို ကစားသမား ချိတ်ဆက်မှုတွေ ပြန်လုပ်နိုင်ပြီဖြစ်ပြီး သူကိုင်ထားတဲ့ ဒီလစ်ကစလို ထိပ်တန်းကစားသမားတွေကို ကလပ်အသင်းတွေ ကမ်းလှမ်းဖို့ စကားပြောနိုင်ပါပြီ။

ရီးရဲလ်မက်ဒရစ်ဟာ လီဗာပူးအလိုရှိထားဖူးတဲ့ တိုက်စစ်သမား အဆန်စီယိုအတွက် ပြောင်းရွှေ့ကြေးကို ပေါင် သန်း 80 ဈေးသက်မှတ်ခဲ့ပြီလို့ သိရပါတယ်။