လီဗာပူးအသင်းက ဘရန့်ဖိုဒ့်ကို ၄-၁ နဲ့ အနိုင်ရတဲ့ပွဲမှာ ကာတစ်ဂျုံးနဲ့ ဂျိုတာတို့ ပြိုင်ဘက်တွေထံက လူချ ကစားခံရမှုနဲ့အတူ ဒဏ်ရာတွေကြောင့် ကွင်းထဲကနေ ထွက်ခွာခဲ့ရပါတယ်။

ဂျုံးက ခြေကျင်းဝတ် ဒဏ်ရာဖြစ်ကာ ဂျိုတာကတော့ ဒူးဒဏ်ရာ ရခဲ့တာ ဖြစ်ပါတယ်။ ဒုတိယပိုင်းမှာ ဒါဝင်ကို လူစားလဲခဲ့တာကလည်း ဒဏ်ရာလို နာကျင်မှု တစ်ခုခု ခံစားခဲ့ရတာကြောင့်လို့ သိရပါတယ်။

ဒဏ်ရာ ကံဆိုးမှုတွေ ရှိနေသလား မေးခံရချိန်မှာ နည်းပြကလော့ပ်က

” သေချာတာပေါ့ဗျာ။ ကာတစ်ဂျုံး ကန်ခံရမှုဖြစ်ခဲ့သလို ဂျိုတာလည်း ပြိုင်ဘက်ထံက စိန်ခေါ်မှုကို ရင်ဆိုင်ခဲ့ရတယ်။ ဒါဝင်ရဲ့ အခြေအနေက မသေချာပါဘူး။ သူ တစ်ခုခု ခံစားမိနေတယ်၊ နာကျင်မှု ခံစားရတာမျိုးပါ။

ကျနော်တို့ စောင့်ကြည့်ရမှာပါ။ ကျနော်တို့အတွက် လွယ်တယ်ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။ ရမှတ် ၅၇ မှတ်ရထားတယ်၊ ရက်ပိုင်းအတွင်း ပွဲဆက်ကစားရပါမယ် ” လို့ ပြောပါတယ်။

ကာတစ်ဂျုံးနဲ့ ဂျိုတာတို့ရဲ့ အခြေအနေအတွက် ပြောပြပေးဖို့ တောင်းဆိုခံရချိန်မှာ..

” ခံစားချက်တွေ ရောထွေးနေပါတယ်။ ကျနော်တို့ ကစားသမားတွေ ဆုံးရှုံးနေရတယ်။ ဘယ်လောက် ပြင်းထန်မလဲကို မသိရသေးဘူး။ ဂျိုတာကော ကာတစ်ဂျုံးပါ အခြေအနေ ကောင်းမနေပါဘူး ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။