အာဆင်နယ်အသင်းဟာ ဘန်လေကို ၅ ဂိုးပြတ် အနိုင်ပြီး နောက်ဆုံးကစားတဲ့ အဝေးကွင်းပွဲ ၂ ပွဲမှာ ၁၁ ဂိုးထိ သွင်းယူကာ ချန်ပီယံခြေစွမ်းတွေ ပြသနေပြီ ဖြစ်ပါတယ်။
အာဆင်နယ်ရဲ့ အကောင်းဆုံး လူစာရင်းကိုပဲ ဒီပွဲမှာ ဆက်မြင်ခဲ့ရကာ တိုက်စစ်က ဂျေးဆုအစား ထရော့ဇက် ပါဝင်လာခဲ့ပါတယ်။ ကွင်းလယ်ကတော့ အလုပ်ဖြစ်တဲ့ ဟာဗက်ဇ်၊ ရိုက်စ်၊ အိုဒီဂတ် အတွဲပဲ ဖြစ်ပါတယ်။
ပထမပိုင်းမှာ အာဆင်နယ်က အိုဒီဂတ်ရဲ့ အဝေးကန်ချက်၊ ဆာကာရဲ့ ပင်နယ်တီတို့ဖြင့် ပွဲကို ဦးဆောင်ခဲ့တာပါ။ အာဆင်နယ်ဘက်က ပိုပြီး အဆုံးသတ်ပိုင်း ပြတ်သားမယ်ဆိုရင် အဲ့ထက်မက ဂိုးတွေ များခဲ့နိုင်ပါတယ်။
ဘန်လေက ဂိုးပေါက်တည့်မှု ၁ကြိမ်သာ ရှိခဲ့ပြီး အာဆင်နယ်ကို ယှဉ်ကစားနိုင်ဖို့ ခက်ခဲခဲ့ကာ ခြေစွမ်းပိုင်း ကွာဟမှု ကြီးမားတာကြောင့် ပထမပိုင်း အပြီးမှာတင် ဘန်လေတို့ ပြန်မလာနိုင်ဘူးဆိုတာ သိသာခဲ့ပါတယ်။
ပထမပိုင်းမှာ အာဆင်နယ်အသင်း အဆုံးသတ်ပိုင်း အားနည်းခဲ့ပေမယ့် ဒုတိယပိုင်းမှာ တိုက်စစ်သမားတွေ မှော်ဝင်လာခဲ့ကာ တွဲဘက်ပုံကော ကန်သွင်းပုံတွေပါ ပိုကောင်းလာခဲ့တယ်။ ဒါကြောင့်ပဲ ဒုတိယပိုင်းမှာတော့ ဆာကာ၊ ထရော့ဇတ်၊ ဟာဗက်ဇ်တို့က ဂိုးတွေ ထပ်သွင်းခဲ့ပါတယ်။
ကွင်းလယ်က ပွဲထွက်ခဲ့တဲ့ ဟာဗက်ဇ် ခြေစွမ်းပြနိုင်ခဲ့သလို သူ့ရဲ့ ဂိုးကဆိုရင် ဘယ်ခြမ်းကနေ တစ်ကိုယ်တော် ဆွဲယူလာပြီး ဧရိယာထဲမှာ ဘန်လေ ကစားသမားကို ခေါက်ခဲ့ကာ အဆုံးသတ်ခဲ့ခြင်း ဖြစ်ပါတယ်။
ဒီနိုင်ပွဲနဲ့အတူ အာဆင်နယ်ဟာ ဇယားထိပ်က လီဗာပူးနဲ့ ၂ မှတ်အကွာကို ပြန်လိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဘန်လေကတော့ ပရီးမီးယားလိဂ်နဲ့ထိုက်တန်တဲ့ ခြေစွမ်းကို ပြသနိုင်ခြင်းမရှိဘဲ တန်းဆင်းရဖို့ ရာခိုင်နှုန်းများလာခဲ့ပါတယ်။