ဘန်လေကို အဝေးကွင်းမှာ ၅ ဂိုးပြတ် အနိုင်ယူခဲ့တဲ့ အာဆင်နယ်ရဲ့ ခြေစွမ်းဟာ အထူး ကောင်းမွန်ခဲ့ပြီး လူကြီးနဲ့ ကလေးအသင်းလို ခြေစွမ်း ကွာခြားပါတယ်လို့ ဘီဘီစီ ဘောလုံးပွဲ သုံးသပ်သူ ခရစ်ဆက်တန်က မှတ်ချက်ပေးပါတယ်။

ပထမပိုင်းမှာ အာဆင်နယ်က အိုဒီဂတ်ရဲ့ အဝေးကန်ချက်၊ ဆာကာရဲ့ ပင်နယ်တီတို့ဖြင့် ပွဲကို ဦးဆောင်ခဲ့တာပါ။ ခြေစွမ်းပိုင်း ကွာဟမှု ကြီးမားတာကြောင့် ပထမပိုင်း အပြီးမှာတင် ဘန်လေတို့ ပြန်မလာနိုင်ဘူးဆိုတာ သိသာခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ဆာကာ၊ ထရော့ဇတ်၊ ဟာဗက်ဇ်တို့က ဂိုးတွေ ထပ်သွင်းခဲ့ကာ ဇယားထိပ်က လီဗာပူးနဲ့ ၂ မှတ်အကွာကို ပြန်လိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲနဲ့ ပတ်သက်လို့ ခရစ်ဆက်တန်ကတော့ ” လီဗာပူးတို့ ခပ်စောစော နိုင်ပွဲယူသွားပေမယ့် အာဆင်နယ်က သူတို့ ကစားရမယ့် ပွဲစဉ်ကိုပဲ အာရုံစိုက်သွားပါတယ်။ သူတို့ ကစားသွားတာ အတော်လေး ကောင်းပါတယ်။ ပထမပိုင်းမှာတင် ဘန်လေတို့ ဒီပွဲ ပြန်မလာနိုင်တော့ဘူးဆိုတာ မြင်ခဲ့ရပါတယ်။

ဒီပွဲကတော့ ယူ-၁၆ အသင်းနဲ့ ယူ-၁၂ အသင်း ယှဉ်ကစားခဲ့သလို ကွာပါတယ်။ ဂန်းနားတွေရဲ့ အဆုံးသတ်တွေက ကောင်းမွန်တယ်၊ ထူးချွန်တယ်။ သူတို့က ပြိုင်ဘက်ကို တကယ်ကို ဖျက်ဆီးခဲ့တာပါပဲ။

အာဆင်နယ် ကစားသမားတွေကို ရင်ဆိုင်ဖို့ရာ ဘန်လေတို့ ရုန်းကန်နေရတယ်။ သူတို့ရဲ့ ခံစစ်ကစားပုံကဆိုရင် ၅ နှစ်သား ကလေးအသင်း အဆင့်ပဲ ရှိပါတယ်။ မယုံနိုင်စရာပါပဲ ” လို့ သုံးသပ်ခဲ့တာ ဖြစ်ပါတယ်။