လီဗာပူး နောက်ခံလူဟောင်းကြီး ဂျင်မီ ကာရေဂါကတော့ မနေ့ညက မန်ချက်စတာ စီးတီးနဲ့ သရေပွဲ အပြီးမှာ သီယေဂို ဆေးလ်ဗားရဲ့ ချယ်ဆီး ကစားသမားဘဝဟာ နိဂုံးချုပ်သွားပြီ လို့ သုံးသပ် ပြောဆိုလိုက်ပါတယ်။

ညက အီတီဟက်မှာ ချယ်ဆီး ဗဟိုခံစစ်ကနေ ဒီဆာဆီနဲ့ ကိုးဝဲလ် တို့ ကောင်းမွန်စွာ စွမ်းဆောင်ပြခဲ့ပြီးနောက် ဆေးလ်ဗားရဲ့ အနေအထားကလည်း ပိုပြီး မရေရာ ဖြစ်လာဖွယ် ရှိပါတယ်။

ကာရေဂါကတော့ သီယေဂို ဆေးလ်ဗားရဲ့ ချယ်ဆီး စာမျက်နှာဟာ ကုန်ဆုံးသွားပြီလို့ ယုံကြည်နေပါတယ်။

” ပြီးခဲ့တဲ့ အဝေးကွင်း ပွဲကြီးတချို့ .. အက်စတွန်ဗီလာနဲ့ အက်ဖ်အေပွဲ၊ ဒီည အီတီဟက်မှာ စီးတီးနဲ့ ပွဲ.. ဒီလို့ပွဲတွေမှာ သီယေဂို ဆေးလ်ဗား မပါဘူး။

သူက ချယ်ဆီးကို ရောက်လာတည်းက အစွမ်းပြနိုင်ခဲ့သူပါ။ ဒါပေမယ့် သူ့ အသက်အရွယ်ကို စဉ်းစားမိရင်.. သူ့ စာချုပ်ကလည်း ဒီရာသီကုန်ရင် ကုန်တော့မယ်။ နောက်ပြီး ဒီ ကစားသမားလေး နှစ်ယောက် .. ဒီဆာဆီနဲ့ ကိုးဝဲလ်တို့ အတွဲကို မြင်မိရင် ..

သူတို့ထဲက တစ်ယောက်ယောက်သာ ဒဏ်ရာ မရသွားရင် သီယေဂို ဆေးလ်ဗား ချယ်ဆီး အသင်း လူစာရင်းမှာ ပြန် ပါဝင်လာဖို့က အတော် ခက်သွားပါပြီ။ သူ့ရဲ့ ချယ်ဆီး နေ့ရက်တွေက နိဂုံးချုပ်သွားပြီ ထင်ပါတယ်။ ” လို့ ကာရေဂါက ပြောဆိုခဲ့ပါတယ်။