အာဆင်နယ် တောင်ပံ တိုက်စစ်သမား ဘူကာယို ဆာကာ ဟာ အာဆင်နယ် အသင်းနဲ့ အတူ မယုံနိုင်စရာ ခြေစွမ်းကောင်းတွေ ပြသနေကာ ဘန်လေကို ၅ဂိုးပြတ်နဲ့ နိုင်တဲ့ပွဲမှာလည်း ဂန်းနားတွေ အတွက် နှစ်ဂိုး သွင်းယူခဲ့ပြန်ပါတယ်။

အခုဆိုရင် ဆာကာ က ဒီရာသီ ပရီးမီးယားလိဂ် သွင်းဂိုး ၁၄ ဂိုး ရှိသွားပြီ ဖြစ်ပြီး ၂၄ ပွဲ ပါဝင် ကစားထားရာမှာ ဂိုးဖန်တီးထောက်ပံ့မှုကလည်း ၈ ဂိုးထိ ပြုလုပ်ထားတာပါ။

ပြိုင်ပွဲစုံ အနေနဲ့ ကြည့်မယ် ဆိုရင် အင်္ဂလန်သားက ဒီရာသီ ၁၅ ဂိုး သွင်း၊ ၁၃ ဂိုး ထောက်ပံ့ထားတာ ဖြစ်ပါတယ်။

အချက်အလက်တွေအရ ကြည့်မယ် ဆိုရင် ဆာကာ ဟာ နာမည်ကျော် စီရော်နယ်ဒိုထက်တောင် သာလွန်အောင် အစွမ်းပြတာ ဖြစ်နေပါတယ်။ အာဆင်နယ် အတွက် ပွဲ ၂၁ဝ ကစားပြီးချိန်မှာ ဆာကာ က ၅၁ ဂိုး သွင်းယူထားပါတယ်။

တဖက်မှာ စီ ရော်နယ်ဒိုက ယူနိုက်တက်နဲ့ စပို့တင်း နှစ်သင်းပေါင်း ပွဲ ၂၁ဝ ကစားပြီးချိန်မှာ သွင်းဂိုး ၅ဝ ရှိထားခဲ့တာကြောင့် ဆာကာ ကတောင် တစ်ဂိုး ပိုသာနေတာပါ။

ဒါ့အပြင် ပွဲ ၂၁ဝ နှိုင်းယှဉ်မှုမှာ ဆာကာ က ဂိုးထောက်ပံ့မှု ၄၉ ကြိမ် ပြုလုပ်ထားချိန်၊ ရော်နယ်ဒိုကတော့ ၃၇ ကြိမ်သာ ပြုလုပ်ထားခဲ့တာ ဖြစ်ပါတယ်။

ဂန်းနားတွေအတွက် ဆာကာ က ပွဲ ၂၁ဝ ကစားပြီးချိန် သွင်းဂိုးနဲ့ ထောက်ပံ့မှု နှစ်ခုပေါင်း ၁ဝဝ ရှိနေချိန် ရော်နယ်ဒိုက ၈၇ ဂိုးသာ ရှိထားခဲ့တာပါ။

အင်္ဂလန်သား တိုက်စစ်သမားလေး ဆာကာ ရဲ့ ရည်မှန်းချက်ကတော့ ဒီရာသီ အာဆင်နယ်နဲ့ အဓိက ဆုဖလားတွေ ဆွတ်ခူးဖို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုသာ ခြေစွမ်းမှန်မှန် ဆက်လက် အစွမ်းပြနေရင် ဆာကာလည်း ဘလွန်းဒီအော ဆုနဲ့ နီးစပ်လာနိုင်တယ်လို့ ထင်ကြေးပေးမှုတွေ ရှိလာနေပြီ ဖြစ်ပါတယ်။