အမ်ဘာပေဟာ လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်မှာ ၂၀၂၉ ခုနှစ်ထိ ရှိနေမယ့် စာချုပ်ကို လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်ကြောင်း စပိန်သတင်းတွေက ဖော်ပြလာနေပြီ ဖြစ်ပါတယ်။

၂၀၁၇ မှာ မိုနာကိုကနေ အငှားဖြင့် ပီအက်စ်ဂျီကို ရောက်ရှိခဲ့တဲ့ အမ်ဘာပေဟာ ၁ နှစ်အကြာမှာတော့ ပေါင် ၁၅၅ သန်းဖြင့် အပြီးသတ် ပြောင်းရွှေ့ခဲ့တာပါ။ ၂၀၂၂ မှာ ပြင်သစ်ကလပ်ကနေ မထွက်ပဲ ဆက်နေခဲ့ပေမယ့် ဒီနွေမှာတော့ စာချုပ်ကုန်ဆုံးကာ အလွတ်ဖြင့် ထွက်ခွာတော့မှာ ဖြစ်ပါတယ်။

အမ်ဘာပေနဲ့ ပီအက်စ်ဂျီကြားမှာ တစ်နှစ် ထပ်တိုးဖို့ သဘောတူညီချက် ပါဝင်ပေမယ့် အသက်မသွင်းဘဲ ထွက်ခွင့်ရဖို့ တိုက်စစ်မှူး ကိုယ်တိုင်က ပြင်သစ်ကလပ်ကို စာရေးသား တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ဇန်နဝါရီတည်းက ပြင်သစ် ပြင်ပ ကလပ်တွေနဲ့ သဘောတူညီမှု ရထားတဲ့ အမ်ဘာပေအတွက် အကောင်းဆုံး စာချုပ်ရဖို့ သူ့ရဲ့ ကိုယ်စားလှယ်တွေဘက်က အင်္ဂလန်နဲ့ စပိန်ကလပ်တွေထံ ချိတ်ဆက်မှု စတင်ထားခဲ့တာပါ။

လွန်ခဲ့တဲ့ ၂ ပတ်ကပဲ မက်ဒရစ်နဲ့ စာချုပ် လက်မှတ်ရေးထိုးခဲ့ပြီဖြစ်ကာ လက်မှတ်ထိုးကြေး ပေါင် ၈၅.၅ သန်း ရရှိပါမယ်။ သူဟာ ပုံရိပ် အသုံးပြုခအတွက်လည်း ရာခိုင်နှုန်း အများအပြား ရရှိဖို့ ညိနှိုင်းနိုင်ခဲ့ပါတယ်။

အမ်ဘာပေဟာ လုပ်ခအဖြစ်တော့ ဆုကြေးအပါအဝင် ရီးရဲလ်မက်ဒရစ်မှာ တစ်နှစ်ကို ပေါင် ၁၂ သန်းကနေ ပေါင် ၁၇ သန်းကြား ရရှိမှာဖြစ်ပါတယ်။ ဒါဟာ ပီအက်စ်ဂျီမှာ သူရနေတဲ့ လုပ်ခထက် ပိုနည်းပါးတဲ့ ပမာဏဖြစ်ပေမယ့် ရီးရဲလ်မက်ဒရစ်ရဲ့ အမြင့်ဆုံး လုပ်ခရှင် ဖြစ်လာပါမယ်။