မန်စီးတီးနည်းပြ ဂွာဒီယိုလာကတော့ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူဟာ သူ့အသင်းက ကစားသမားပါလို့ ထုတ်ပြောလာပါတယ်။
၂၀၁၉ မှာ အက်သလက်တီကို မက်ဒရစ်ကနေ မန်စီးတီးကို ပြောင်းလာခဲ့တဲ့ စပိန်သား ကွင်းလယ်လူ ရိုဒရီဟာ ကမ္ဘာ့အကောင်းဆုံးဖြစ်တယ်လို့ စီးတီးနည်းပြက ဆိုပါတယ်။ စီးတီးမှာ ဒီဘရိုင်း၊ ဖိုဒန်တို့ ရှိနေပေမယ့် တစ်ရာသီကို ပွဲ ၅၀ လောက် ကစားပေးနေတဲ့ ရိုဒရီကို ရွေးချယ်ရတာက အကြောင်းရင်း ရှိပါတယ်။
ဂွာဒီယိုလာက ရှင်းပြရာမှာ ‘ ကွင်းလယ်ခံစစ်သမားတွေကို တိုက်စစ်မှူးတွေလို ဒါမှမဟုတ် နံပါတ် ၁၀ ကွင်းလယ် တိုက်စစ်သမားတွေလို အသိအမှတ် မပြုကြတာကောင်းပါတယ်။ သူတို့တွေကို အရမ်းကြီး အသိအမှတ် ပြုနေကြရင် သိပ်မကောင်းပါဘူး။
ကွင်းလယ်အတွင်းလူတွေဟာ အကောင်းမြင်မှုနဲ့ ကစားကြတယ်။ သူ့အတွက်ကော အသင်းအတွက်ကော သူက ကစားပေးရတယ်။ ဒါက ကွင်းလယ်အတွင်းလူတွေ ကစားရတဲ့ ပုံစံပါပဲ။ အသိအမှတ်ပြုမှုတွေ အားလုံးက သူ့ရှေ့က ဂိုးသွင်းတဲ့သူတွေ၊ ဂိုးထောက်ပံ့မှု လုပ်ပေးတဲ့သူတွေ ရကြမှာပေါ့။
ဒါပေမယ့် ရိုဒရီက အရေးကြီးတဲ့ အခိုက်အတန့်တွေမှာပါ ဂိုးတွေ သွင်းပေးနိုင်တဲ့ မယုံနိုင်စရာ ကစားသမားပါ။ သူက လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူပါ။ ဘာလို့လဲဆိုတော့ အရာအားလုံးကို လုပ်နိုင်တဲ့ အရည်အချင်းမျိုး သူ့မှာ ရှိနေလို့ပါပဲ။
သူမရှိဘဲ ဒီနှစ်တွေမှာ ကျနော်တို့ လုပ်နိုင်တာတွေကို လုပ်နိုင်ပါ့မလားဆိုတာ သိနားလည်ဖို့က သိပ်ကို ခက်ခဲပါတယ် ’ လို့ ထောက်ပြသွားတာ ဖြစ်ပါတယ်။
၂၀၂၁-၂၀၂၂ ဘောလုံးရာသီ စီးတီးအတွက် ပြိုင်ပွဲစုံ ၇ ဂိုး သွင်းပေးခဲ့တဲ့ ရိုဒရီဟာ ဒီရာသီမှာလည်း ၆ ဂိုးထိ သွင်းပေးထားနိုင်ပြီ ဖြစ်ပါတယ်။