ချယ်ဆီး လက်ထောက် အသင်းခေါင်းဆောင် ဘမ်ချီဝဲလ်ကတော့ နည်းပြပိုချက်တီနိုနဲ့အတူ ပထမဆုံးသော ပြည်တွင်း ဆုဖလားတစ်လုံး အောင်မြင်နိုင်ဖို့ စိတ်အားထက်သန်နေပါတယ်။

ကုန်ခဲ့တဲ့ ၁၇ နှစ်အတွင်း ၁၃ ကြိမ်​မြောက် ပြည်တွင်းဖလား ဖိုင်နယ်ထံ တက်ရောက်လာတဲ့ ချယ်ဆီးဟာ ဖလားပြိုင်ပွဲတွေမှာ သိပ်ပြီး ရလဒ်မကောင်းထားပါဘူး။ ဝင်ဘာလေမှာ ယှဉ်ပြိုင်ထားတဲ့ နောက်ဆုံးသော ဖိုင်နယ်ပွဲ ၇ ကြိမ်မှာ ၆ ကြိမ်ထိကို ချယ်ဆီးတို့ ရှုံးနိမ့်ထားပါတယ်။

ချီဝဲလ်ကိုယ်တိုင်ကလည်း ချယ်ဆီးအသင်းနဲ့ ပြည်တွင်းဖလား ဖိုင်နယ်ပွဲကို ၃ ကြိမ် တက်ရောက်ထားကာ ၃ ကြိမ်လုံး ရှုံးနိမ့်ထားပါတယ်။

ချီဝဲလ်က ပြောရာမှာ “ ကျနော်ရဲ့ ချယ်ဆီး ကစားသမားဘဝမှာ ပြည်တွင်းဖလား ဖိုင်နယ် ၃ ကြိမ်တက်ခဲ့ပြီး ၃ ကြိမ်လုံး ရှုံးနိမ့်ထားပါတယ်။ ဒီတော့ ဝင်ဘာလေမှာ ကျနော်တို့ မပြီးပြတ်သေးတဲ့ အလုပ်ကိစ္စ ရှိနေပါတယ်။

ဖိုင်နယ် ၃ ကြိမ်တက်တာမှာ အကြိမ်တိုင်း ရှုံးတာက လက်မခံနိုင်စရာပါပဲ။ ဒီတစ်ကြိမ်မှာတော့ အသင်းအနေနဲ့ အောင်မြင်ရပါမယ်။

ဆုဖလား အောင်မြင်တဲ့ အတွေ့အကြုံကို ကျနော်တို့ ပိုင်ဆိုင်နိုင်ဖို့ လိုပါတယ်။ ဘာလို့လဲဆိုတော့ ချယ်ဆီးအသင်းလို ဆုဖလား တောင်းဆိုမှုများတဲ့ အသင်းမှာ ကစားသမား အချို့လောက်ပဲ ဆုဖလား အောင်မြင်ဖူးတာပါ။

ဝင်ဘာလေမှာ ကျနော်တို့ သေချာပေါက် အနိုင်ရအောင် လုပ်ရပါမယ်။ ကစားသမားတွေ အများကြီးအတွက် ကောင်းမွန်တဲ့ အတွေ့အကြုံလည်း ဖြစ်လာမှာမို့ ဒီအခိုက်အတန့်ကို ကျနော်တို့ ပျော်ရွှင်နေဖို့ လိုအပ်ပါတယ် ” ဆိုပြီး ပြောဆိုသွားပါတယ်။

ချယ်ဆီးဟာ ဖိုင်နယ်မှာ ယာဂင်ကလော့ပ်ရဲ့ လီဗာပူးနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ပြိုင်ဘက်အသင်းဟာ ဒဏ်ရာပြဿနာတွေကြောင့် အခက်တွေ့နေတာဖြစ်ပါတယ်။