မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်း ရီယို ဖာဒီနန်ကတော့ ဒီရာသီမှာ အာဆင်နယ်အသင်း ကြောက်ရလောက်တဲ့ ဥရောပပြိုင်ဘက်ဟာ များများစားစား မရှိပါဘူးလို့ ထုတ်ပြောလာပါတယ်။

၇ နှစ်ကြာ ဝေးကွာနေတဲ့ ဥရောပပြိုင်ပွဲကို ဒီရာသီမှာ တစ်ကျော့ပြန် ပါဝင်လာခဲ့ပေမယ့် အာဆင်နယ်ရဲ့ ချန်ပီယံဖြစ်နိုင်ချေ​ ရေပန်းစားမှုက မြင့်မားနေပါတယ်။

ပေါ်တူဂီကလပ် ပေါ်တိုအသင်းနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ ၁၆ သင်း ရှုံးထွက်အဆင့်မှာ ထိပ်တိုက်တွေ့နေတဲ့ အာဆင်နယ်ဟာ ကွာတားဖိုင်နယ်ထံ တက်ရောက်မယ်လို့လည်း မှန်းဆခံနေရတယ်။

‘ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အာဆင်နယ်က အဝေးကြီးထိကို ရောက်သွားနိုင်ပါတယ်။ ဆီးမီးဖိုင်နယ်နဲ့ ဖိုင်နယ်ပွဲတွေ မတိုင်ခင်မှာ မန်စီးတီး၊ ရီးရဲလ်မက်ဒရစ်ကို ရှောင်နိုင်သ၍ အာဆင်နယ်က ပြိုင်ပွဲရဲ့ နောက်ဆုံး အဆင့်တွေထိကို ရောက်နိုင်ပါတယ်။

အဲ့ ၂ သင်းကလွဲလို့ အာဆင်နယ်အသင်း ကြောက်ရမယ့် ကလပ်မျိုး မရှိပါဘူး ’ လို့ ဖာဒီနန်ကလည်း မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။

သရဲနီဟောင်းကတော့ အိုဒီဂတ်၊ ဆာကာနဲ့ မာတင်နယ်လီတို့လို ကစားသမားတွေ ရှိနေသမျှတော့ အာဆင်နယ်ဟာ ပြိုင်ဘက်တိုင်းအတွက် ခြိမ်းခြောက်မှုဖြစ်နေလိမ့်မယ်လို့လည်း ခန့်မှန်းသွားခဲ့တာပဲ ဖြစ်ပါတယ်။