ဆာဂျင်ရက်ကလစ်ကတော့ မန်ချက်စတာ ယူနိုက်တက်ကို ၃ နှစ်အတွင်း ထိပ်ဆုံးအဆင့်တွေထံ ပြန်ရောက်အောင် တည်ဆောက်ပြီး အင်္ဂလန်လိဂ်ကို ဦးဆောင်နေတဲ့ မန်စီးတီး၊ လီဗာပူးတို့ကို ရှင်းထုတ်မယ်လို့ ကြွေးကြော်လိုက်ပါတယ်။

INEOS အဖွဲ့ဟာ ယူနိုက်တက် ပူးတွဲပိုင်ရှင်တွေ ဖြစ်လာတဲ့နောက် အိုးထရတ်ဖိုဒ့်ကို ပြန်လည် ပြုပြင်မှုတွေ လုပ်ရာမှာ ကွင်းနဲ့တကွ အုပ်ချုပ်ရေးပိုင်း အပြောင်းအလဲတွေလည်း ပါဝင်လာတာပါ။

နွေအသုံးစရိတ်လည်း ပြင်ဆင်ထားသေးတဲ့ ယူနိုက်တက်ဟာ အနာဂတ်မှာ ဆုဖလား ပြန်လည်စိန်ခေါ်ဖို့ ရည်မှန်းထားကြောင်းနဲ့ မြောက်ပိုင်းက အင်အားကြီး ပြိုင်ဘက်တွေကို ကျော်တက်ဖို့ပါ ရည်ရွယ်ထားကြောင်း သိလာရပါတယ်။

ရက်ကလစ်က ပြောရာမှာ ” မန်စီးတီးက အကောင်းဆုံး အသင်းတွေထဲက တစ်သင်းပါ။ ကျနော်တို့ရဲ့ နားငြီးတဲ့ အိမ်နီးနားချင်းဖြစ်တဲ့ သူတို့ထံကနေ အများကြီး သင်ယူပါမယ်။ နောက်ထပ် အိမ်နီးနားချင်းဖြစ်တဲ့ လီဗာပူးထံကကောပါပဲ။

သူတို့က ကျနော်တို့ရဲ့ ရန်သူတွေပါ။ သူတို့ကို အလဲထိုး ဖြိုခွင်းပြီး ယူနိုက်တက်ကို ပိုကောင်းတဲ့ နေရာ ပို့လိုက်တာထက် ပိုလုပ်ချင်တာမျိုး မရှိတော့ပါဘူး။

ကျနော်တို့ သုံးသင်းဟာ မြောက်ပိုင်းရဲ့ အသင်းကောင်း ၃ သင်းဖြစ်ပါတယ်။ ကျနော်တို့ကြား နီးနီးစပ်စပ် တူညီမှုတွေရှိပါတယ်။ လက်တလောမှာတော့ ဆုဖလားတွေအတွက် သူတို့က နည်းနည်းလေး ပိုကောင်းတဲ့ အဆင့်မှာ ရှိနေကြပါတယ်။ မန်စီးတီးကော လီဗာပူးကောပေါ့လေ။

နှစ်သင်းလုံးထံက ကျနော်တို့ သင်ယူရမှာတွေ ရှိနေပါတယ်။ သူတို့မှာ ကောင်းမွန်တဲ့ အစုအဖွဲ့နဲ့ ထက်မြက်တဲ့ ပုဂ္ဂိုလ်တွေ ရှိထားပါတယ်။ ကလပ်တွေကို မောင်းနှင်နေတဲ့ ထိပ်တန်းအဆင့် ပတ်ဝန်းကျင်လည်း ရှိထားပါတယ်။

အကျိုးဆက်ကတော့ ရလဒ်ကောင်းတွေ ထွက်ပေါ်လာတာပါပဲ။ သူတို့တွေကို ကျနော် လေးစားပါတယ်။ ဒါပေမယ့် သူတို့ဟာ ကျနော်တို့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ရန်သူတွေပါ ” လို့ ဖြစ်ပါတယ်။