ရီယို ဖာဒီနန်က ဂိုးသမား ၂ ဦး ပါဝင်တဲ့ ယနေ့ခေတ်ရဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမား ၁၂ ဦးလို့ သူမြင်ထားသူတွေကို ဖော်ထုတ်လိုက်ပါတယ်။

မက်ဆီ၊ ရော်နယ်ဒို ခေတ်လွန်မှာ အကောင်းဆုံး ကစားသမား ရွေးထုတ်မှုတွေဟာ သိပ်ပြီး အငြင်းအခုံ မရှိပေမယ့်လို့ ဖာဒီနန်ရဲ့ ၁၂ ဦးစာရင်းမှာ ဘယ်လင်ဟမ် ပါဝင်လာခြင်းအတွက် ကန့်ကွက် ပြောဆိုခံရမှုတော့ ရှိနေပါတယ်။

ဖာဒီနန်ဟာ သူ ရွေးချယ်တဲ့ ကမ္ဘာ့အဆင့် ကစားသမားများစာရင်းမှာ အမ်ဘာပေ၊ ဟာလန်း၊ ဆာလာတို့ကို ရွေးချယ်ခဲ့ပေမယ့် လူငယ် အချို့ကိုတော့ ချန်လှပ်ခဲ့ပါတယ်။ ဥပမာအားဖြင့် အာဆင်နယ်ကြယ်ပွင့် ဆာကာနဲ့ ယူနိုက်တက်မှ ရက်ဖိုဒ့်တို့ကို စာရင်းထဲ မထည့်ခဲ့ပါဘူး။

ဂန်းနားဟောင်း ကီယွန်က ‘ မင်းရဲ့ စာရင်းထဲ ဘယ်လင်ဟမ်ကို ထည့်လိုက်တာ မေးခွန်းထုတ်စရာပဲ။ သူက ရီးရဲလ်မက်ဒရစ်မှာ ကောင်းကောင်းလုပ်နေပေမယ့် ဆာကာကို ကျော်ပြီး မပါသင့်ပါဘူး။ ဆာကာက အင်္ဂလန်ရဲ့ အကောင်းဆုံး ကစားသမားပါ ‘ ဆိုပြီး ငြင်းချက်ထုတ်ခဲ့တယ်။

ဖာဒီနန်ကတော့ ‘ ငါ့အတွက်တော့ အခုနေမှာ ဘယ်လင်ဟမ်က ကမ္ဘာ့အဆင့် ကစားသမားပဲ။ ဆာကာက ထိပ်တန်းအဆင့် ရောက်လာဖို့ အလားအလာရှိပေမယ့် ချန်ပီယံလိဂ် ရှုံးထွက်အဆင့်မှာ ခြေစွမ်း မပြနိုင်ပါဘူး။ ဒါက ကြီးကြီးမားမား ကွာခြားမှုပါ ‘ လို့ တုန့်ပြန်ခဲ့ပါတယ်။

ဖာဒီနန်ရွေးချယ်တဲ့ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကစားသမား ၁၂ ဦးကတော့ အီဒါဆန်၊ အယ်လီဆန်၊ ဝေါ်ကာ၊ ဗန်ဒိုက်၊ ရိုဒရီ၊ ဘယ်လင်ဟမ်၊ ဒီဘရိုင်း၊ ဆာလာ၊ အမ်ဘာပေ၊ ဟာလန်း၊ ဟယ်ရီကိန်းနဲ့ ဗင်နီးဆီးယက်စ်တို့ပဲ ဖြစ်ပါတယ်။