ဒီတပတ် တနင်္ဂနွေနေ့ ဝင်ဘာလေကွင်းကြီးမှာတော့ ချယ်ဆီးနဲ့ လီဗာပူးအသင်းတို့ ဟာ ကာရာဘောင်း ဗိုလ်လုပွဲ ယှဉ်ပြိုင်ပြီး ဗိုလ်လုတော့မှာ ဖြစ်ပါတယ်။

အချက်အလက်တွေကို အခြေခံတွက်ချက်တဲ့ Opta ရဲ့ စူပါကွန်ပျူတာကတော့ ဒီပွဲမှာ ဘယ်အသင်း နိုင်ခြေ ဘယ်လောက် ရှိသလဲ ဆိုတာ ကြိုတင် မှန်းချက်ထုတ်ကာ တွက်ချက်ထားပြီ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ အဓိက ဆုဖလား ၄ ခု ရယူနိုင်တဲ့ လမ်းကြောင်းမှာ ရှိနေပါသေးတယ်။ ဒီတပတ် ဗိုလ်လုပွဲ မတိုင်ခင် အဓိက ကစားသမား တော်တော်များများ ဒဏ်ရာ ရနေတာကတော့ လီဗာပူးအတွက် ထိုးနှက်ချက် တစ်ခုပါ။

ဒါပေမယ့် ဒီရာသီက ကလော့ပ်ရဲ့ လီဗာပူးနဲ့ နောက်ဆုံးရာသီ ဖြစ်တာကြောင့် အသင်းသားတွေ ညှစ်ထုတ် ကစားလာမှာ ဖြစ်သလို ချယ်ဆီးအတွက်လည်း တော့ဒ်ဘိုလေခေတ်မှာ ပထမဆုံး ဆုဖလား ရယူနိုင်ခွင့်ကို လွယ်လွယ် လက်လွှတ်မှာ မဟုတ်ပါဘူး။

ပိုချက်တီနိုရဲ့ ချယ်ဆီးအသင်း ဟာ ဒီရာသီ ဥရောပပွဲ ကစားစရာ မရှိသလို ဇယားထိပ်ပိုင်း ဝင်ဖို့လည်း အခွင့်အရေး မရှိတာကြောင့် ရနိုင်ခြေ ရှိနေသေးတဲ့ ပြည်တွင်း ရှုံးထွက်ဖလား နှစ်လုံးကို အရ ယူဖို့ အားစိုက်လာမှာ အသေအချာပဲ ဖြစ်ပါတယ်။

စူပါကွန်ပျူတာက ဗိုလ်လုပွဲရောက် နှစ်သင်းရဲ့ အခြေအနေ၊ အချက်အလက်တွေကို အကြိမ်ပေါင်း ၁ သောင်း run ပြီး တွက်ထုတ်ခဲ့ရာမှာ ဒီပွဲမှာ ပုံမှန်ပွဲချိန် မိနစ် ၉ဝ အတွင်း လီဗာပူးအသင်း နိုင်ခြေ ၆၂.၁% ရှိပြီး သရေကျနိုင်ခြေ ၂ဝ.၂% နဲ့ ချယ်ဆီး နိုင်ခြေ ၁၇.၇% ရှိတယ်လို့ ဖော်ပြထားပါတယ်။