မန်ချက်စတာ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဖူလ်ဟမ်ကို ၂-၁ နဲ့ အရေးနိမ့်ခဲ့တာကြောင့် အမှတ်ပေးဇယားမှာ အဆင့် ၄ မှ ဗီလာအသင်းနဲ့ ၈ မှတ် ပြန်ပြတ်သွားခဲ့ပြီ ဖြစ်ပါတယ်။
တန်ဟက်ရဲ့ ယူနိုက်တက်ဟာ ဖေဖော်ဝါရီလထဲမှာ ပရီးမီးယားလိဂ် ၄ ပွဲဆက်တိုက် နိုင်ပွဲရခဲ့တာကြောင့် Top 4 နေရာ မျှော်လင့်လို့ ရလာတာပါ။ ဒါပေမယ့် ဖူလ်ဟမ်ပွဲမှာတော့ စိတ်ပျက်စရာ ခြေစွမ်းတွေ ပြသခဲ့ကာ ပြိုင်ဘက်ကတောင် ပိုပြီး ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။
ယူနိုက်တက်မှာ တိုက်စစ်မှူး ဟွိုက်လန်းနဲ့ ဘယ်ခြမ်းခံစစ်မှူး လုခ်ရှော မပါတာက သိသာခဲ့ပြီး တိုက်စစ်က တော်တော်လေး အခြေအနေ ဆိုးခဲ့ပါတယ်။
ညာခြမ်းမှာဆိုရင် အန်တိုနီကို ကျော်ပြီး လူငယ်ကစားသမား ဖော်ဆန်ကို နေရာပေးခဲ့ပေမယ့် အလုပ်မဖြစ်ခဲ့ပါဘူး။ ယူနိုက်တက်ရဲ့ အားနည်းချက်တွေကို ဖူလ်ဟမ်ကသာ အသုံးချနိုင်ရင် ဂိုးပြတ်အရှုံးနဲ့ ကြုံတွေ့သွားရနိုင်ပါတယ်။
ဦးဆောင်ဂိုး စသွင်းခဲ့တာက ဖူလ်ဟမ်ဖြစ်ကာ ယူနိုက်တက်အတွက် မက်ဂွဲရား ခြေပဂိုး သွင်းပေးခဲ့ပေမယ့် တန်ပြန်တိုက်စစ်ကနေ နောက်ဆုံး ၂ မိနစ်အကျန်မှာ အီဝိုဘီက အနိုင်ဂိုးသွင်းခဲ့လို့ အိုးထရက်ဖို့ဒ်မှာ ယူနိုက်တက်တို့ အရေးနိမ့်ခဲ့ရပါတယ်။
ယူနိုက်တက် ပိုင်ရှင်သစ် ဆာဂျင်ရက်ကလစ်ကတော့ မန်ချက်စတာ ယူနိုက်တက်ကို ၃ နှစ်အတွင်း ထိပ်ဆုံးအဆင့်တွေထံ ပြန်ရောက်အောင် တည်ဆောက်ပြီး အင်္ဂလန်လိဂ်ကို ဦးဆောင်နေတဲ့ မန်စီးတီး၊ လီဗာပူးတို့ကို ရှင်းထုတ်မယ်လို့ ဒီပွဲမတိုင်ခင် ကြွေးကြော်ထားတာပါ။
ဒါပေမယ့် ပြိုင်ဘက် ထိပ်သီးနှစ်သင်းကို မဆိုထားနဲ့ ဇယားအလယ်က အသင်းတွေကို ကျော်ဖြတ်ဖို့တောင် ယူနိုက်တက်က ယိုင်နဲ့နဲ့ဖြစ်နေခဲ့တာ ဖြစ်ပါတယ်။