မန်ချက်စတာ ယူနိုက်တက်ဟာ ဖူလ်ဟမ်ကို ၁-၂ ဖြင့် ရှုံးနိမ့်တဲ့ပွဲမှာ နည်းပြတန်ဟက်က ထူးထူးခြားခြား လူထုတ်မှုတွေ ပြုလုပ်သွားပါတယ်။

ဟွိုင်လန်း ဒဏ်ရာကြောင့် မပါနိုင်တဲ့ ဒီပွဲဟာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အတော်လေး အရေးပါတဲ့ ပွဲစဉ်ပါ။ ပွဲထွက်မှာတော့ ညာခြမ်းမှာ ဖော်ဆန်နဲ့ ဘယ်ခြမ်းမှာ ဂနာချိုတို့ကို ပွဲထုတ်ကာ တိုက်စစ်မှာ ရက်ဖိုဒ့်ကို တင်ထားခဲ့ပါတယ်။

ဖော်ဆန်ထံက ကောင်းမွန်တဲ့ ခြေစွမ်းမျိုး မမြင်ရတာမို့ ပွဲချိန် ၅၂ မိနစ်မှာ လူစားလဲခဲ့ရပေမယ့် အန်တိုနီကို ထည့်သွင်းခြင်း မရှိပါဘူး။ ၉၆ မိနစ်မှာ အီဝိုဘီ အနိုင်ဂိုးသွင်းအပြီးမှ ဘရာဇီးသားကို စက္ကန့် ၃၀ ကြာ ကွင်းထဲ ဝင်ကစားစေခဲ့ပါတယ်။

ဒါနဲ့ပတ်သက်လို့ နည်းပြတန်ဟက်က ‘ ကြံ့ခိုင်မှုကြောင့်တော့ မဟုတ်ပါဘူး။ အန်တိုနီက ကြံ့ခိုင်မှု ကောင်းနေပါတယ်။ ဒါပေမယ့် ညာခြမ်းအတွက် ကျနော်တို့မှာ ရွေးချယ်စရာတွေ အများကြီး ရှိနေပါတယ်။ အခြား နေရာတွေမှာတော့ ရွေးစရာ နည်းပါးနေပါတယ်။

အန်တိုနီရဲ့ ခြေစွမ်းကို ကျနော်တို့ အားလုံး မြင်ပါတယ်။ သူက နောက်တစ်ဆင့် ရောက်လာဖို့ လိုပါတယ်။ လေ့ကျင့်ရေးမှာလည်း အိုမာရီ၊ အာမတ်၊ ဂနာချိုတို့ ပွဲကစားဖို့ ထိုက်တန်တာကို မြင်ထားရပါတယ်။ ’ လို့ ဖြေရှင်းသွားပါတယ်။

ဒီပွဲ ရှုံးနိမ့်ခဲ့ပေမယ့် ယူနိုက်တက် ကစားသမားတွေဟာ စရိုက်ကောင်းတွေ ပြသခဲ့တယ်လို့ နည်းပြတန်ဟက်က အသိအမှတ် ပြုသွားတာပဲ ဖြစ်ပါတယ်။