၂၀၂၃-၂၀၂၄ ဘောလုံးရာသီ ကာရာဘောင်း ဖိုင်နယ်ပွဲမှာ လီဗာပူးအသင်းဟာ ဗန်ဒိုက်ရဲ့ သွင်းဂိုးနဲ့ ချယ်ဆီးကို အနိုင်ယူပြီး ချန်ပီယံဖြစ်သွားခဲ့ပါပြီ။
အဓိက တိုက်စစ်သမားတွေ၊ ကွင်းလယ်လူတွေ မပါဝင်တဲ့ လီဗာပူးအသင်းဟာ ချယ်ဆီးအသင်းကို ပွဲစကတည်းက အပေါ်စီးက လွှမ်းမိုးကစားခဲ့ပါတယ်။ ချယ်ဆီးအသင်းဟာ ပွဲအစကတည်းက လီဗာပူးကို ခြေစွမ်းကော စိတ်ဓါတ်ပိုင်းမှာ မယှဉ်နိုင်ခဲ့ပါဘူး။
လီဗာပူးဘက်က ဖိအားပေးပုံတွေ ကောင်းသလောက် စတာလင်၊ ဂျက်ဆန် ဦးဆောင်တဲ့ ချယ်ဆီးတိုက်စစ်က အတော်လေး ညံ့ဖျင်းလှပါတယ်။ ပထမပိုင်း တစ်ပိုင်းလုံး ဘောလုံးက ဘယ်လိုကန်ကန် လီဗာပူးခြေထဲ ဘောလုံး ပြန်ရောက်သွားပါတယ်။
ပထမပိုင်းအတွင်း လီဗာပူးအသင်းက အခွင့်အရေး အကြိမ်ကြိမ်ရခဲ့ပေမယ့် အဆုံးသတ် အားနည်းမှုကြောင့် သရေသာရခဲ့ပါတယ်။ ချယ်ဆီးဘက်က ပယ်မာရဲ့ ကန်ချက်ကို လီဗာပူးဂိုးသမား ကလယ်ဟာ ကာကွယ်သွားသလို စတာလင်ရဲ့ဂိုးကလည်း လူကျွံဘောဖြစ်နေတာကြောင့် ဦးဆောင်ဂိုးနဲ့ ဝေးကွာခဲ့ရပါတယ်။
လီဗာပူးအသင်းရဲ့ ဖိအားပေးဟန်၊ ချယ်ဆီး တိုက်စစ်နဲ့ ကွင်းလယ်တွေကို ကျော်ဖြတ်ပြီး ဘောလုံးပေးဟန်တွေက အထင်ကြီးဖို့ ကောင်းခဲ့ပါတယ်။ နှစ်သင်းလုံး ဦးဆောင်ဂိုး ကိုယ်စီ သွင်းခဲ့ပေမယ့် လူကျွံဘောတွေအဖြစ် VAR က ပယ်ဖျက်ခဲ့ပါတယ်။
မိနစ် ၈၀ နောက်ပိုင်းမှာ လီဗာပူးဘက်က လူငယ်တွေကို ထည့်လာခဲ့ပြီး နာကျင် အချိန်ပိုထိ အကောင်းဆုံး တုန့်ပြန်သွားခဲ့တယ်။ ချယ်ဆီးကတော့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့တဲ့အပြင် လူငယ်တွေထည်ကန်လာတဲ့ လီဗာပူးကို မယှဉ်နိုင်ခဲ့ဘဲ အချိန်ပိုမှာ အရှုံးပေးခဲ့ရပါတယ်။
အချိန်ပို ပြီးခါနီးမှာ ဗန်ဒိုက်ကပဲ ထောင့်ကန်ဘောကို ခေါင်းတိုက် သွင်းခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့ပွဲဟာ လီဗာပူးအသင်းရဲ့ စိတ်ဓါတ်မာကျောမှုနဲ့အတူ ကလော့ပ်ရဲ့ လူငယ်တွေအပေါ် ယုံကြည်ပေးမှုတွေကြောင့်ပဲ နိုင်ပွဲရခဲ့တာဖြစ်ပါတယ်။