ဆာကာဟာ ပရီးမီးယားလိဂ်ရဲ့ လက်ရှိ အကောင်းဆုံး ကစားသမားအဖြစ် ခြေစွမ်းပြနေပေမယ့် သရဲနီဟောင်း ဖာဒီနန်ကတော့ သူ့ရဲ့ ကမ္ဘာ့အဆင့် ကစားသမား ၁၂ ဦးစာရင်းမှာ ဂန်းနားအသင်းသားကို ချန်လှပ်ခဲ့ပါတယ်။

၎င်းကပဲ ဆာကာအနေနဲ့ သူရွေးချယ်တဲ့ ကမ္ဘာ့အဆင့်ထဲ ပါလိုတယ်ဆိုရင် ချန်ပီယံလိဂ်မှာ တစ်ခုခု စွမ်းဆောင်ပြရပါမယ်လို့ သတိပေးခဲ့သေးတာပါ။

စနေနေ့က နယူးကာဆယ်ကို ရင်ဆိုင်ရတဲ့ပွဲမှာ ဆာကာက ကိုယ်တိုင် ၁ ဂိုး သွင်းနိုင်တဲ့နောက် ပရီးမီးယားလိဂ်သွင်းဂိုး ၁၆ ဂိုးထိ ရလာခဲ့ကာ ရွှေဖိနပ်ဆုကို စိန်ခေါ်နေပြီဖြစ်ပါတယ်။

ဖာဒီနန်ရဲ့ ကမ္ဘာ့အဆင့် ကစားသမားအဖြစ် သတ်မှတ်ခြင်း မခံရခြင်းအပေါ် မေးခွန်းထုတ်ခံရချိန်မှာ ဆာကာက ရယ်မောပြီး “ ဘာမှ မှတ်ချက်ပေးဖို့ မရှိပါဘူး။ ” လို့ တုန့်ပြန်ခဲ့ပါတယ်။

သူကပဲ ” ဒီနေ့ နယူးကာဆယ်ပွဲမှာ နောက်ထပ် သွင်းဂိုး ထပ်ရခဲ့တာကို ကျနော် ပျော်ပါတယ်။ အရေးကြီးတာက နိုင်ပွဲရနေဖို့ပါပဲ။ နေ့တိုင်းမှာ အကောင်းဆုံး လုပ်ပြနိုင်ဖို့ ကြိုးစားနေပါတယ်။ အသင်းဖော်တွေထံက ကောင်းမွန်တဲ့ ပေးချက်တွေ ရတာကလည်း အကူအညီဖြစ်ပါတယ်။

ကျနော်တို့ ကြိုးစားနေတယ်။ အသင်းရဲ့ တိုက်စစ်မှာက အရည်အချင်းကောင်းတွေ ရှိနေပြီး အခု အလုပ်ဖြစ်နေပါတယ်။ ဒီပုံစံကောင်းတွေကို ဆက်ထိန်းနိုင်ဖို့ပဲ အရေးကြီးတာပါ ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ရာသီကုန်မှာ ဆာကာဟာ အာဆင်နယ်အသင်းနဲ့အတူ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ဖလား ကိုင်မြှောက်နိုင်ခဲ့မယ်ဆိုရင်တော့ သူ့ကို သံသယဝင်နေသူတွေဟာ နှုတ်ဆိတ်သွားကြမှာပဲ ဖြစ်ပါတယ်။