နွေအပြောင်းအရွှေ့မှာ အာဆင်နယ်ဟာ ဘုန်းမောက်အသင်း တောင်ပံကစားသမား ဖရေဇာကို ခေါ်ယူမယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး ကစားသမားက အဖြေပြန်မှု လုပ်လာခဲ့ပြီဖြစ်ပါတယ်။

အာဆင်နယ်မန်နေဂျာ အမ်မရီဟာ ဇန်နဝါရီက ဆွာရက်စ်ကို ဘာစီလိုနာကနေ အငှားခေါ်ယူပြီး တောင်ပံပိုင်းကို အားဖြည့်လိုခဲ့ပေမယ့် အဆင်မပြေခဲ့ပါဘူး။ ဒီနွေမှာတော့ ပရီးမီးယားလိဂ် အတွေ့အကြုံရှိ တောင်ပံသမား ဖရေဇာကို ခေါ်ယူဖို့ ကြိုးစားလာတာပါ။

ဖရေဇာဟာ မနှစ်ကရာသီမှာ ဘုန်းမောက်အသင်းအတွက် ပြိုင်ပွဲစုံ ၄၆ ပွဲ ကစားပေးပြီး ကိုယ်တိုင် ၉ ဂိုး သွင်းယူပေးခဲ့တယ်။ သူဟာ ပရီးမီးယားလိဂ်မှာ ဂိုးထောက်ပံ့မှုပေါင်း ၁၄ ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ဟာဇက်နောက် ဒုတိယအမြင့်ဆုံးသော ဖန်တီးမှုလုပ်နိုင်သူအဖြစ်လည်း မှတ်တမ်းဝင်ထားပါတယ်။

ဖရေဇာက ” လာမယ့် ရာသီ ဘုန်းမောက်မှာပဲ ဆက်ကစားသွားဖို့က ဖြစ်နိုင်ပါတယ်။ ဘာတွေဆက်ဖြစ်လာမယ် ဆိုတာကိုတော့ စောင့်ကြည့်သွားရမှာပါ။ ဒါက ကျနော် ပြောနိုင်တာ အကုန်ပါပဲ။ ဒီအခြေအနေမှာ ဘယ်အသင်းကမှ ကျနော့်ကို တရားဝင် ကမ်းလှမ်းထားတာ မရှိသေးပါဘူး ” လို့ ဆိုသွားခဲ့ပါတယ်။

ဖရေဇာအတွက် ဘုန်းမောက်ဘက်က တောင်းဆိုမယ့် ဈေးကွက်တန်ကြေးက ပေါင် သန်း ၄၀ ခန့်ဖြစ်မယ်လို့ အင်္ဂလန်မီဒီယာတွေက သုံးသပ်ထားပြီး အဆိုပါ ပြောင်းရွှေ့ကြေးက အာဆင်နယ်အတွက် မြင့်မားနေတာ ဖြစ်ပါတယ်။