ဂျူဗင်တပ်အသင်းရဲ့ အဓိက တိုက်စစ်သမား ရော်နယ်ဒိုက ဒိုင်ဘာလာကိုရောင်းချပြီး အခြားသော လူငယ်သွေးသစ်တွေ ခေါ်ယူလိုတဲ့ ကလပ်အသင်း တာဝန်ရှိသူတွေရဲ့ သဘောထားကို နှစ်သက်မှုရှိကြောင်း ပြောထားတယ်လို့ သတင်းတွေ ထွက်နေပါတယ်။

ဂျူဗင်တပ်ဟာ တိုက်စစ်သမား ဒိုင်ဘာလာကို ရောင်းချပြီး စီးရီးအေကြယ်ပွင့် ချီယေဆာနဲ့ အခြားသော လူငယ်ကစားသမားတွေကို ခေါ်ယူလိုနေတာပါ။ ဒိုင်ဘာလာကို ခေါ်ယူဖို့ရာ လာလီဂါကလပ် တီကိုကလည်း စိတ်ဝင်စားနေတာဖြစ်တယ်။

ရော်နယ်ဒို ရောက်လာခဲ့ပြီးနောက် ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးနေခဲ့တဲ့ ဒိုင်ဘာလာဟာ ဒီနွေမှာ အသင်းပြောင်းမယ်လို့ သတင်းကြီးတွေ ထွက်ပေါ်ထားတာပါ။ ဒိုင်ဘာလာကို ယူရိုသန်း ၁၀၀ ပတ်ဝန်းကျင်နဲ့ ခေါ်ယူနိုင်ဖို့ အသင်းအနည်းငယ်က မျှော်လင့်နေတာဖြစ်ပါတယ်။

လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ဖလားကို စိန်ခေါ်ဖို့ ဂျူဗင်တပ်တို့ အင်အားဖြည့်မှုကြီးတွေ ပြုလုပ်ဖို့ ရော်နယ်ဒိုက မျှော်လင့်နေပြီး ကလပ်အသင်း တာဝန်ရှိသူတွေက ပေါ့ဘာ အပြောင်းအရွှေ့ကိစ္စ စကားပြောဖို့ လန်ဒန်ကို ရောက်နေခဲ့ပြီလည်းဖြစ်တယ်။

မန်ယူအသင်းကလည်း တီကိုကနေ ထွက်ခွာမယ် ထုတ်ပြောထားပြီး ဘာစီလိုနာနဲ့ အဆင်မပြေဖြစ်နေတဲ့ ဂရစ်ဇမန်းကို ကြားဖြတ်ခေါ်ယူဖို့ ကြိုးပမ်းလာတယ်လို့ သိရပါတယ်။