မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင် ဗလန်စီယာက ဒီနွေ စာချုပ်ကုန်ဆုံးလို့ အသင်းက ထွက်ခွာရမယ့် ကစားသမား စာရင်းတွေထဲ ပါဝင်နေသူပါ။

အနာဂတ်အသင်းကို ရွေးချယ်ခြင်း မလုပ်ရသေးပေမယ့် ၀ါရင့်ခံစစ်မှူးကြီးကို ပရီးမီးယားလိဂ်မှာပဲ ဆက်မြင်ရဖွယ် ရှိနေပါတယ်။ ဒီနှစ်မှ တန်းတက်လာတဲ့ ရှက်ဖီးယူနိုက်တက်က ပြောင်းရွှေ့ကြေး အလွတ်နဲ့ ခေါ်ယူနိုင်မယ့် အတွေ့အကြုံရင့် ခံစစ်မှူး ဗလန်စီယာကို ခေါ်ယူဖို့ စိတ်ဝင်စားလာနေတာပဲ ဖြစ်ပါတယ်။

ဗလန်စီယာကို ရှက်ဖီးယူနိုက်တက် အသင်းအပြင် အမေရိကန် မေဂျာလိဂ် ကလပ်အသင်းများ၊ စီးရီးအေကလပ် အင်တာမီလန်တို့အပြင် ပရီးမီးယားလိဂ် ပြိုင်ဘက် အာဆင်နယ် အသင်းတို့ကလည်း စိတ်ဝင်စားမှုတွေရှိနေပါတယ်။

ရှက်ဖီးယူနိုက်တက်အသင်းဟာ ဗလန်စီယာအပြင် နောက်ထပ် ပြောင်းရွှေ့ကြေးအလွတ်နဲ့ ခေါ်ယူနိုင်မယ့် ၀ါရင့်ကစားသမားတစ်ဦးဖြစ်သူ ရီဘာရီကိုလည်း ချိတ်ဆက်မှုတွေ ပြုလုပ်နေပါတယ်။

ဗလန်စီယာကတော့ မေဂျာလိဂ်ကလပ် အသင်းတွေရဲ့ ချိတ်ဆက်မှုတွေရှိနေခဲ့ပေမယ့် အင်္ဂလန်မှာ ကာလရှည်ဖြတ်သန်းခဲ့သူဖြစ်လို့ ပရီးမီးယားလိဂ်မှာပဲ ဆက်လက်ရှိနေဖို့ ဆုံးဖြတ်ချက်ချဖွယ်ရှိနေပါတယ်။