ဒင်း ဟန်ဒါဆန်က ဒီနွေရာသီမှာ အိုးလ်ထရက်ဖို့ဒ် ကနေ ထွက်ခွာဖို့ မျှော်လင့်ပေမယ့် သူ့ရည်မှန်းချက်ကတော့ မန်ချက်စတာ ယူနိုက်တက်နဲ့ အင်္ဂလန် အသင်းရဲ့ ပထမ ဦးစားပေး ဂိုးသမား ဖြစ်လာဖို့ပါ။ အသက် ၂၂ အရွယ်က သူဟာ အိုးလ်ထရက်ဖို့ဒ် အသင်းကြီး အတွက် ကစားပေးဖို့ အချိန် ဖြစ်ပါတယ်။

သူဟာ အသင်းများစွာမှာ အငှါးကစားခဲ့ပြီး ပထမ အသင်း အတွေ့အကြုံတွေ များစွာ ရှိခဲ့ပြီးသူပါ။ နောက်ဆုံး ကစားခဲ့တာကတော့ ၂၀၁၈-၂၀၁၉ ရာသီ ရှက်ဖီး ယူနိုက်တက်မှာ ဖြစ်ပြီး ပရီးမီးယားလိဂ်ကို တန်းတက်နိုင်အောင် ကူညီပေးခဲ့ပါတယ်။

ဟန်ဒါဆန်က ဘရမ်မော လိန်းကို ပြန်ဖို့နဲ့ ပတ်သက်ပြီး သူ့ဆုံးဖြတ်ချက်ကို ဖွင့်ဟခဲ့ပြီး ဒီနွေရာသီမှာ နောက်ထပ် အပြောင်းအရွှေ့ တစ်ခု လုပ်ဖို့ မျှော်လင့်ရပါတယ်။ ဒါပေမယ့်လဲ ဥရောပ ယူ၂၁ ချန်ပီယံရှစ် အတွက် ပြင်ဆင်နေတဲ့ ဟန်ဒါဆန်က တစ်နေ့မှာ မိခင်ကလပ် ယူနိုက်တက် နဲ့ အင်္ဂလန် အသင်းကြီးအတွက် ကစားပေးဖို့ ထိုက်တန်ကြောင်း သက်သေပြဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

“ဒါက ကျနော့်ဘဝ တစ်လျှောက်လုံးအတွက် ကျနော် လုပ်နေခဲ့တာတွေပါ။ ယူနိုက်တက် နဲ့  အင်္ဂလန် အသင်းကြီး အတွက် ကစားပေးချင်တယ်ဆိုတာ ဝန်ခံပါတယ်။ ကျနော့် ရည်မှန်းချက်တွေ ဖြစ်မြောက်ဖို့ ကြိုးစားနေတယ်။ မဖြစ်နိုင်စရာ အကြောင်းမရှိပါဘူး။ ” လို့ ပြောခဲ့ပါတယ်။

ယူနိုက်တက်ရဲ့ ဦးစားပေး အဆင့်မှာ ဒေးဗစ်ဒီဂီယာနဲ့ ဆာဂျီယို ရိုမီယို တို့နောက် ရောက်နေတဲ့ ဟန်ဒါဆန်ဟာ အသက် ၁၄နှစ် အရွယ် ကတည်းက ယူနိုက်တက်နဲ့ ပူးပေါင်းခဲ့တာ ဖြစ်ပြီး အသင်းကြီးအတွက် အခွင့်အရေး ရဖို့ ကြိုးစားခဲ့တာပါ။

“အလုပ်အပေါ် အာရုံစူးစိုက်ထားဖို့ပဲ လိုတယ်လို့ ကျနော် ထင်ပါတယ်။ ကျနော် YouTube ကနေ ဗီဒီယိုတွေ အများကြီး ကြည့်ခဲ့တယ်။ ကျနော် ကစားခဲ့တဲ့ ပွဲကြီးတွေရော၊ ချန်ပီယံလိဂ် ဖိုင်နယ် လိုမျိုး ကျနော် ကစားချင်တဲ့ တခြား ပွဲကြီးပွဲကောင်း တွေရောပေါ့။ ဒါတွေက အရာရာတိုင်းကို ကိုယ်က မှန်မှန်ကန်ကန် လုပ်နေတယ် ဆိုတာ သိသာစေတယ်။

ကွင်းထဲမှာ ကိုယ် ဘာလုပ်တယ် ဆိုတာကိုပဲ လူတွေက သတိထားလိမ့်မယ်။ စနေနေ့ညမှာ ဘယ်လောက် သောက်နိုင်တယ် ဆိုတာကို သတိထားနေမှာ မဟုတ်ဘူး။ ”

အင်္ဂလန် ယူ၂၁ နည်းပြ Aidy Boothroyd က ဂိုးသမား နေရာအတွက် အန်းဂက်စ် ဂန်း၊ ဖရက်ဒီ ဝုဒ်မန်း တို့နဲ့အတူ ဟန်ဒါဆန်ကို ရွေးချယ် ထားတာကြောင့် သူဟာ အခုချိန်မှာ ယူ၂၁ ပြိုင်ပွဲအတွက် အာရုံစိုက်နေရပါတယ်။

“အသင်း အင်္ကျီ ဝတ်ပြီး နိုင်ငံတော် သီချင်း ဆိုရတာ တကယ် ဂုဏ်ယူရတဲ့ အခိုက်အတန့် ပါ။ အဲ့ဒါက ကြက်သီးထစေတယ်။ ဒါကို ထိန်းလို့မရပါဘူး။ အင်္ဂလန်က အသက်အရွယ် အပိုင်းအခြား အလိုက် အသင်းတိုင်းမှာ အောင်မြင်မှုတွေ ရခဲ့တာပါ။

ဒါကြောင့် အသင်းမှာ ပါဝင်ကစားပြီး နောက်ထပ် ဖလားတစ်လုံး ရရှိအောင် ကြိုးစားနိုင်ရင် သိပ်ကောင်းမှာပဲ။ ကျနော်တို့မှာ စွမ်းရည်တွေ ရှိတယ်။ ဒါကြောင့် အဲ့ဒီ့ကို သွားပြီး အကြောက်အလန့် မရှိ ကစားဖို့ လိုပါတယ်။ ” လို့ ပြောခဲ့ပါတယ်။

အင်္ဂလန်အသင်းဟာ သူတို့ရဲ့ ဥရောပ ချန်ပီယံရှစ် အဖွင့်ပွဲစဉ် အဖြစ် ဇွန် ၁၈ရက်မှာ ပြင်သစ်နဲ့ ကစားရမှာ ဖြစ်ပြီး ဒါပြီးရင်တော့ ရိုမေးနီးရား၊ ခရိုအေးရှား တို့နဲ့ ကစားရမှာပါ။