အေဂျက်အသင်းဟာ ပရီးမီးယားလိဂ် ကလပ် လီဗာပူးနဲ့ အာဆင်နယ်အသင်းတို့ ခေါ်ယူလိုနေတဲ့ တောင်ပံတိုက်စစ်သမား ဇီယက်အတွက် ပြောင်းရွှေ့ကြေး ဈေး သတ်မှတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရာသီ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ထိ တက်ရောက်ကာ တောက်ပခဲ့တဲ့ အေဂျက်မှာ ဇီယက်ကလည်း အရေးပါတဲ့ ကဏ္ဍက ပါဝင်ခဲ့ပြီး အေဂျက်ဟာ ၄င်း အတွက် ပေါင် သန်း ၃၀ တန်းကြေး သတ်မှတ်လိုက်ုပါတယ်။ အေဂျက်ဟာ အားထားရတဲ့ ကွင်းလယ်ကစားသမား ဒီဂျောင်ကိုလည်း ဘာစီလိုနာသို့ လက်လွှတ်ခဲ့ရပြီး ဒီလစ်ကိုလည်း ထွက်ခွာခွင့် ပြုရဖွယ် ရှိနေပါတယ်။

ဒါကြောင့် ဇီယက် အတွက် ပေါင် သန်း ၃၀ မှ မရရင် ထွက်ခွာခွင့် ပေးမှာ မဟုတ်ကြောင်း အေဂျက်က ဈေးကိုင်လာခဲ့ပါပြီ။ ဇီယက် က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အေးဂျက်အတွက် ၂၁ ဂိုး သွင်းပြီး ဂိုးဖန်တီးမှု ၂၄ ကြိမ် ပြုလုပ်ပေးခဲ့သူပါ။

” အသင်းကြီးတွေက ကမ်းလှမ်းရင် ဇီယက် သွားမှာပါ။ ချန်ပီယံလိဂ်မှာ သူ့ရဲ့ စွမ်းဆောင်ရည်ကြောင့် အသင်းကြီးတွေဟာ သူ့ကို စိတ်ဝင်စားနေကြပါတယ်။ ဟာကင်မ်အတွက် ကောင်းမွန်တဲ့ အပြောင်းအရွှေ့ဆိုရင် သဘောတူမယ်လို့ ကျနော်တို့ ကတိပေးထားခဲ့ပါတယ်။” လို့ အေဂျက် အားကစား ဒါရိုက်တာ မာ့ခ် အိုဗာမားစ်က ထုတ်ဖော် ပြောကြားထားပါတယ်။

လောလောဆယ်မှာတော့ ဇီယက်က အာဖရိကဖလားပြိုင်ပွဲအတွက် နိုင်ငံအသင်း မော်ရိုကို လက်ရွေးစင်များနဲ့ ပူးပေါင်းလေ့ကျင့်နေပြီး မော်ရိုကို လက်ရွေးစင်အသင်းနဲ့ အတူ ထပ်မံခြေစွမ်းပြသနိုင်ပါက ၄င်းရဲ့ တန်ကြေး ပိုပြီး မြင့်တက်သွားဖွယ်ပင် ရှိနေပါတယ်။

ဇီယက်ကို ပစ်မှတ်ထားနေတဲ့ အသင်းတွေထဲမှာ ချန်ပီယံလိဂ် ဗိုလ်စွဲထားတဲ့ လီဗာပူးအသင်းက ပြည်တွင်းဖလားပါ နောက်ရာသီမှာ စိန်ခေါ်နိုင်အောင် လူအင်အားဖြည့်တင်းမှု ပြုလုပ်လိုနေပြီး အာဆင်နယ် အသင်းကလည်း အသင်းတိုက်စစ်အတွဲ လာကာနဲ့ အူဘာမီးယန်းတို့ အတွက် ဖန်တီး ပံ့ပိုးများ ပို အားဖြည့် ပေးလိုနေပါတယ်။

အာဆင်နယ်အသင်းဘက်မှာတော့ ချန်ပီယံလိဂ် ကစားခွင့် မရှိတာနဲ့ ပြောင်းရွှေ့ကြေး များများပေး မလိုက်နိုင်တာက အားနည်းချက် ရှိနေပြီး ဇီယက် ဘယ်အသင်းကို ရွေးချယ်မလဲကတော့ သဲသဲကွဲကွဲ မသိရသေးပါဘူး။