မြန်မာနိုင်ငံဟာ အစွန်းရောက်ရာသီဥတု အယ်နီညို ဖြစ်စဉ်ကြုံတွေ့နေရာကနေ လာမယ့်ဇွန်လမှာတော့ ပုံမှန်ရာသီဥတုအခြေအနေကို ပြန်ရောက်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းပါတယ်။

ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်တွေအရ မြန်မာနိုင်ငံဟာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ကနေ ဇွန်လ အထိ မိုးရွာသွန်းမှုလျော့နည်းနိုင်ပြီး ခြောက်သွေ့တဲ့အခြေအနေမှာ ဆက်ရှိနေမှာပါ။

အခု အယ်နီညိုဟာ ၂၀၂၃ ခုနှစ်က စတင်ဖြစ်လာခဲ့ပြီး ကမ္ဘာ့သမိုင်းမှာစံချိန်တင်အပူဆုံးနှစ်တစ်နှစ် ဖြစ်သလို မြန်မာမှာလည်း အမြင့်ဆုံးအပူချိန်စံချိန်သစ်တွေတင်ခဲ့တယ်လို့ မိုးဇလရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံက မြို့အချို့ဟာ ကမ္ဘာ့အပူချိန်အမြင့်ဆုံးမြို့စာရင်းမှာ နေ့စဉ်လိုလိုပါဝင်နေပြီး ဒီကနေ့ ဧပြီ ၂၉ ရက်နေ့မှာဆိုရင် မကွေးတိုင်း၊ ချောက်မြို့နယ်မှာ အပူချိန် ၄၈.၂ ဒီဂရီဆဲလ်ဆီးယပ် ကမ္ဘာ့အပူဆုံးမြို့ အဖြစ် စာရင်းဝင်ခဲ့ပါတယ်။

အခုလို အယ်နီညိုရဲ့ အကျိုးဆက်ကြောင့် မိုးရွာသွန်းမှု မူမမှန်တာ၊ နေ့အပူချိန်တွေမြင့်တက်တာ၊ မုန်တိုင်းဖြစ်ပေါ်နိုင်တာနဲ့ မိုးခေါင်ရေရှားနိုင်တာတွေဖြစ်နိုင်ပါတယ်။