လီဗာပူးခံစစ်မှူး ဗန်ဒိုက်က လီဗာပူးအသင်းဟာ ချန်ပီယံလိဂ် ဗိုလ်စွဲပြီးမှ ဆုဖလားအောင်မြင်မှုတွေ ဆက်တိုက် ရယူဖို့ ဆာလောင်မှုတွေ ပိုပြင်းပြလာပြီ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

ဗန်ဒိုက်ဟာ ဒီနှစ်အတွင်း လီဗာပူးနဲ့ရော၊ နယ်သာလန် လက်ရွေးစင်အသင်းနဲ့ပါ အောင်မြင်မှုများစွာ ရယူနိုင်ခဲ့တာပါ။ ၂၀၁၈-၁၉ ဘောလုံး ရာသီမှာ ဗန်ဒိုက်ဟာ လီဗာပူးအသင်းနဲ့အတူ ဥရောပ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့သလို နယ်သာလန် လက်ရွေးစင်အသင်းနဲ့အတူ နေးရှင်းလိဂ်ပြိုင်ပွဲ ဗိုလ်လုပွဲထိ တက်ရောက်နိုင်ခဲ့ပါတယ်။

ဗန်ဒိုက်ဟာ ပြီးခဲ့တဲ့ တစ်ရာသီလုံး သူ့ကို ဘယ်တိုက်စစ်ကစားသမားကမှ လိမ်ခေါက်ကျော်ဖြတ်နိုင်ခြင်းမရှိတဲ့ စံချိန်ကောင်းတစ်ခုကိုလည်း ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။

” တကယ့်ကို မယုံနိုင်စရာ နှစ် တစ်နှစ်ပါပဲ။ ကလပ်အသင်းနဲ့ရော လက်ရွေးစင်အသင်းနဲ့ပါ ကျနော် အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့တယ်။ အသင်းလိုက် အနေနဲ့လည်း ထိုက်သင့်သလောက် အောင်မြင်မှုရခဲ့ပါတယ်။ အထူးသဖြင့် လီဗာပူးဟာ ဥရောပရဲ့ အကောင်းဆုံး အသင်းတွေထဲက တစ်သင်းအဖြစ် မှတ်ကျောက်တင်ခံနိုင်ခဲ့ပါတယ်။ တစ်သင်းလုံး အကောင်းဆုံး ကြိုးစားခဲ့လို့ပါပဲ။ ”

” လီဗာပူး အသင်းမှာ တစိတ်တပိုင်း အဖြစ် ပါဝင်ခွင့်ရတဲ့အတွက် ကျနော် အတိုင်းမသိ ဝမ်းသာဂုဏ်ယူရပါတယ်။ ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်နိုင်ဖို့ဆိုတာ ကျနော့် စိတ်ကူးအိပ်မက်တွေထဲက တစ်ခုပါ။ အခုတော့ အကောင်အထည်ပေါ်ခဲ့ပါပြီ။ အခု ကျနော်တို့ အားလုံးက ပိုပြီး အောင်မြင်မှုတွေ ရယူဖို့ ဆာလောင်နေပါပြီ။ ဒီအတိုင်း ရှေ့ဆက်လို့ ဆုဖလားတွေ ရယူဖို့ ကျနော်တို့ အစွမ်းကုန် ကြိုးစားကြမှာပါ”

” လက်ရွေးစင်အသင်းမှာလည်း ကျွန်တော်တို့ ဆုဖလားနဲ့ လွဲချော်ခဲ့ပေမယ့် အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဒီအတိုင်းသာ ဆက်ပြီး ကြိုးစားသွားမယ်၊ တိုးတက်နေမယ်ဆိုရင် နယ်သာလန်အသင်းဟာလည်း ဆုဖလားအောင်မြင်မှုတွေနဲ့ မဝေးတော့ပါဘူး ” လို့ ဗန်ဒိုက် က ကြုံးဝါးခဲ့ပါတယ်။

ဒီနှစ် အတွင်း ရယူခဲ့တဲ့ အောင်မြင်မှုတွေကြောင့် ဗန်ဒိုက်ဟာ ၂၀၁၉ ဘလွန်းဒီအော ဆုအတွက် ရေပန်းစားမှုစာရင်းမှာ မက်ဆီနဲ့ စီရော်နယ်ဒို တို့လို နာမည်ကျော် ကစားသမားတွေကို ကျော်ဖြတ်ပြီး ထိပ်ဆုံးက ရပ်တည်နိုင်ခဲ့ပါတယ်။