အမျိုးသားတွေ ပြည်ပနိုင်ငံတွေထံ သွားရောက်အလုပ်လုပ်ခွင့် ကန့်သတ်ပိတ်ပင်ခံထားရမှုတွေ ပြန်လည် ဖြေလျော့ရေးဟာ လအနည်းသာ ကြာမြင့်နိုင်ကြောင်း ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်အသိုင်းအဝိုင်းကနေ ပြောကြားလာပါတယ်။
အမျိုးသားအလုပ်သမားတွေအတွက် အလုပ်ခေါ်စာ Demand Letter တင်တာတွေ ယာယီရပ်ထားဖို့ အလုပ်သမားဝန်ကြီး ဦးမြင့်နောင်က အေဂျင်စီတွေကို နှုတ်နဲ့အသိပေးထားတယ်လို့ ဆိုပါတယ်။
အဆိုပါ သတိပေးချက်က ပြည်ပထွက် အလုပ်လုပ်ခွင့် ကန့်သတ်ချက်ဟာ ထိုင်း၊ ဂျပန် စတဲ့ နိုင်ငံတွေကို နိုင်ငံကူးလက်မှတ် PJ နဲ့ သွားရောက်အလုပ်လုပ်ဖို့ ပြင်ဆင်နေသူတွေအတွက် စိုးရိမ်စရာ ရေမှတ်ဖြစ်လာပါတယ်။
လက်ရှိမှာ အကျိုးဆောင်လိုင်စင်ရယူထားတဲ့ အေဂျင်စီ ၅၀၀ ကျော်က ပြည်ပကို အလုပ်သမားတွေ စေလွှတ်ပေးနေတာ ဖြစ်ပါတယ်။ အေဂျင်စီတွေဘက်ကတော့ တားမြစ်မိန့်ဟာ ယာယီဖြစ်မယ်လို့ ယုံကြည်နေကြတယ်။
“ အပြီးမဟုတ်သလို ကြာမယ်လို့ မထင်ဘူး။ ဖြစ်နိုင်တာကတော့ တစ်လ၊ နှစ်လလောက်ပါပဲ။ ဝန်ကြီးကလည်း အဲ့ဒီလို ခန့်မှန်းပြောပါတယ်”လို့ အေဂျင်စီလုပ်ငန်းရှင်တစ်ဦးက Migrant Times ကို ပြောပါတယ်။
အလုပ်သမားဝန်ကြီးဌာနဘက်ကတော့ ပြည်ပထွက်ခွာခွင့် ကိစ္စရပ်တွေ ပိုမိုအချိန်ယူစိစစ်နိုင်ဖို့နဲ့ အခြားအခြေအနေတွေအရ ယာယီအားဖြင့် ဆိုင်းငံ့ထားခြင်းဖြစ်ပါကြောင်းလို့ မီဒီယာတွေကို ဖြေကြားထားပါတယ်။