အာဆင်နယ်အသင်းဟာ နွေအပြောင်းအရွှေ့မှာ အသင်းရဲ့ အဓိက ကစားသမားနှစ်ယောက်ကို ဆက်ထိန်းနိုင်ဖို့ စာချုပ်သက်တမ်းတိုးဖို့ ပြင်ဆင်လာနေပါတယ်။

အာဆင်နယ်အသင်းဟာ တရုတ်ကလပ်နဲ့ ဥရောပကလပ်တွေက စိတ်ဝင်စားနေတဲ့ အသင်းရဲ့ အဓိကတိုက်စစ်ကစားသမား နှစ်ဦးဖြစ်တဲ့ အူဘာမီယန်းနဲ့ လာကာဇက်တီတို့ကို တစ်ဦးကို တစ်ပတ်လုပ်ခ ပေါင် ၂ သိန်းစီ ပေးမယ့် စာချုပ်သစ်တွေနဲ့ စာချုပ်သက်တမ်းတိုးဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

မနှစ်ကရာသီမှာ ပရီးမီးယားလိဂ်သွင်းဂိုး ၂၂ ဂိုးအထိ သွင်းယူကာ လိဂ်ရွှေဖိနပ် ပူးတွဲဆုရတဲ့အထိ ခြေစွမ်းပြသနိုင်ခဲ့တဲ့ အူဘာမီယန်းကို တရုတ်ကလပ်တွေက တစ်ပတ်လုပ်ခ ပေါင် သုံးသိန်းခွဲ ပေးချေမယ်ဆိုပြီး ကမ်းလှမ်းမှုတွေ လုပ်ထားကြတာဖြစ်ပါတယ်။

တိုက်စစ်မှူးလာကာဇက်တီကိုတော့ လာလီဂါကလပ် ဘာစီလိုနာနဲ့ အခြားသော ထိပ်တန်းအသင်းတွေက ကမ်းလှမ်းဖို့ စိတ်ဝင်စားနေတာပါ။ သူတို့နှစ်ဦးဟာ အာဆင်နယ်မှာ တစ်ပတ်လုပ်ခ ပေါင် တစ်သိန်းခွဲနဲ့ တစ်သိန်းခွဲကျော်တွေ ရနေကြသူတွေဖြစ်ပါတယ်။

ဂါဘွန်းသား တိုက်စစ်မှူး အူဘာမီယန်းဟာ ဂန်းနားတို့နဲ့ စာချုပ်သက်တမ်း ၂နှစ် ကျန်ရှိနေသေးတာဖြစ်ပြီး ဒီနှစ်မှာ ဆွေးနွေးမှုတွေ စတင်ကာ သက်တမ်းတိုးမှု မအောင်မြင်ရင်တော့ ဇန်နဝါရီနဲ့ လာမယ့် နွေအပြောင်းအရွှေ့တွေမှာ ရောင်းထုတ်သွားဖွယ် ရှိပါတယ်။