ချယ်ဆီးအသင်းဟာ လမ်းပတ်ကို ဆာရီနေရာ ဆက်ခံမယ့် နည်းပြအဖြစ် ခန့်အပ်လိုပါက ဒါဘီအသင်းဘက်က ၄င်းတို့ မန်နေဂျာ အတွက် လျော်ကြေး ပေါင် ၄ သန်း တောင်းဆိုသွားတော့မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရာသီဝက် အငှားလာကစားသွားတဲ့ တိုက်စစ်မှူး ဟီဂူအင်ဟာ ချယ်ဆီးအသင်းက အပြီးသတ်ဝယ်ယူမှု မပြုလုပ်တော့တာကြောင့် မိခင်ကလပ် ဂျူဗင်တပ်ဆီ ပြန်သွားရဖို့ ရှိနေပြီး ၄င်းကို ဂျူဗင်တပ်ကလည်း ရိုးမားခံစစ်မှူး မန်နိုလက်စ်နဲ့ တိုက်ရိုက် အလဲအထပ် ပြုလုပ်လိုနေပါတယ်။

ဒါဘီကောင်တီအသင်းဟာ သူတို့အသင်း နည်းပြ ဖရန့်လမ်းပတ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ ချယ်လ်ဆီးအသင်းရဲ့ ကြိုးပမ်းမှုကို တားဆီးသွားမှာ မဟုတ်ဘဲ လမ်းပတ် ထွက်ခွာရင် နောက်ထပ် ချယ်လ်ဆီးဂန္တဝင်ကွင်းလယ်လူဟောင်း မက်ခီလီလီနဲ့ အစားထိုးဖို့ စီစဉ်နေပါတယ်။

ချယ်ဆီးအသင်းတို့နဲ့ နည်းပြ ဆာရီတို့ဟာ အစောပိုင်းတည်းက အဆင်မပြေမှုတွေ ရှိကြပြီး အီတလီသား နည်းပြကြီးရဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေ၊ မီဒီယာများနဲ့ ပြေလည်မှု မရှိတာတွေ၊ ပရိသတ်တွေနဲ့လည်း အဆင်မပြေတာတွေနဲ့ ဆာရီရဲ့ ဆေးလိပ်သောက်တာ အပါအ၀င် အကျင့်စရိုက် အချို့က ၄င်းနဲ့ ချယ်ဆီးအသင်းကြား လမ်းဆုံးသွားစေခဲ့တာ ဖြစ်တယ်လို့ ဒေးလီးမေးလ်သတင်းမှာ ဖော်ပြထားပါတယ်။

ချယ်ဆီး ဂန္တဝင်ကြီးတွေဖြစ်တဲ့ ဒရော့ဘာနဲ့ အက်ဆီယန်တို့က ကလပ်အသင်းကို မန်နေဂျာအဖြစ် တာဝန်ယူဖို့ လမ်းပတ်က ထိုက်တန်သူပါလို့ ထောက်ခံစကား ပြောဆိုလိုက်ပါတယ်။

ချယ်ဆီးအသင်းဟာ အီဒင် ဟာဇက်ကို ရောင်းချလိုက်ပြီး နောက် အသင်းရဲ့ တောင်ပံတိုက်စစ် ကစားသမား ၀ီလီယံ ကို ၂ နှစ် စာချုပ် သက်တမ်းတိုးဖို့ ပြင်ဆင်လာခဲ့ပြီ ဖြစ်ပါတယ်။

ဆာရီ ဟာ မကြာခင်မှာ ဂျူဗင်တပ်နဲ့ ၂ နှစ် စာချုပ် ချုပ်တော့မှာ ဖြစ်ပြီး ထပ်တိုး ၁ နှစ် သက်တမ်း တိုးခွင့်လည်း စာချုပ်မှာ ထည့်သွင်း သွားမှာ ဖြစ်ပါတယ်။ အီတလီ သတင်းတွေ ကတော့ ချယ်ဆီးဟာ လျှော်ကြေး ပေါင် ၅ သန်း ရရှိခဲ့တာ မဟုတ်ပဲ ၊ ယူရို ၂ သန်း သာ ရရှိတာ ဖြစ်တယ်လို့ အခိုင်အမာ ဖော်ပြနေပါတယ်။