အာဆင်နယ်

အီတလီသတင်းဌာနတချို့ရဲ့ ဖော်ပြချက်အရ အာဆင်နယ်အသင်းဟာ ရိုးမားအသင်းရဲ့ လူငယ်တိုက်စစ်ကစားသမား အန်ဒါကို ခေါ်ယူဖို့ စောင့်ကြည့်နေတယ်လို့ သိရပြီး ရိုးမားအသင်းရဲ့ ပွဲစဉ်တွေကို အာဆင်နယ်ကင်းထောက်တွေက သွားရောက်ကြည့်ရှုနေခဲ့တယ်လို့ သိရပါတယ်။ တူရကီလက်ရွေးစင်ကစားသမားဟာ အင်တာမီလန်နဲ့ တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ ရိုးမားအတွက် တစ်ဂိုးသွင်းပေးခဲ့သူ ဖြစ်ပါတယ်။ အသက် (၂၁)နှစ် အရွယ် တိုက်စစ်မှူးအတွက် တန်ကြေးဟာ ယူရိုသန်း ၅၀ခန့် ရှိတယ်လို့ သိရပါတယ်။

မြောက်လန်ဒန်ဒါဘီမှာ အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်ကို ငှက်ပျောခွံနဲ့ ပစ်ပေါက်ပြီး လူမျိုးရေးခွဲခြားခဲ့တဲ့ တော်တင်ဟမ်ပရိသတ်ဟာ ဒါဘီပွဲအပြီး အဖမ်းခံခဲ့ရပါတယ်။ လောလောဆယ်မှာတော့ အဆိုပါ အပြုအမှုအတွက် ဝေဖန်ခံရမှုတွေ မြင့်တက်နေပြီး ဘာတွေဆက်ဖြစ်လာမယ် မသိရသေးပါဘူး။

အာဆင်နယ် ခံစစ်သမား ဆိုကရေးတက်စ်က တော်တင်ဟမ်တိုက်စစ်သမား ဆွန်ကို ဒိုင်ဗင်ပစ်သူလို့ စွပ်စွဲလိုက်ပါတယ်။ မြောက်လန်ဒန်ဒါဘီမှာ တောင်တင်ဟမ်အသင်း ဒုတိယမြောက်ဦးဆောင်ဂိုး ရခဲ့တဲ့ ပင်နယ်တီအတွက် ဆွန်ဟာ ခံစစ်သမားတွေနဲ့ မထိပဲ လဲကျခဲ့တဲ့ အနေအထားပါလို့ ဆိုကရေးတက်စ်က ဝေဖန်လိုက်တာပါ။

မန်နေဂျာအူနိုင်းအမ်မရီက ကွင်းလယ်လူ အိုဇေးဟာ ဒဏ်ရာပြဿနာကြောင့် မပါဝင်နိုင်တာလို့ ပြောဆိုပေမယ့် ဒဏ်ရာ ဘယ်လောက်ကြာကြာ အနားယူရမယ်ဆိုတာကို အတည်မပြုခဲ့ပါဘူး။ အမ်မရီကတော့ ကွင်းလယ်လူ ရမ်ဆေးကို သက်တမ်းတိုးမလားဆိုတဲ့ အပေးမှာလည်း ဖြေရှင်းချက် မပေးခဲ့ပါဘူး။

ချယ်ဆီး

ချယ်ဆီးနည်းပြ ဆာရီက ဖူလ်ဟမ်ကို နိုင်တဲ့ပွဲအပြီးမှာ အသင်းဟောင်း နာပိုလီနဲ့ ပရီးမီးယားလိဂ် ပြိုင်ဘက် လီဗာပူးအကြောင်း ဖြေကြားသွားပြီး နာပိုလီက ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲ အဆုံးအဖြတ်ပွဲစဉ်မှာ လီဗာပူးကို အနိုင်ယူနိုင်စွမ်းရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ အန်းဖီးလ်ဟာ ပြိုင်ဘက်တွေ အတွက် ခက်ခဲတဲ့နေရာ ဖြစ်ပေမယ့် လက်ရှိအနေအထားဟာ လွန်ခဲ့တဲ့ ၂လကလောက် တောင့်တင်းတဲ့ အနေအထား မရှိတော့ဘူးလို့ ဆာရီက ပြောခဲ့ပါတယ်။

အေစီမီလန်အသင်းဟာ ချယ်လ်ဆီးကွင်းလယ်လူ ဖာဘရီဂတ်စ်ကို ခေါ်ယူနိုင်ခဲ့ခြင်းမရှိပါက ဘာစီလိုနာကွင်းလယ်လူ ဒင်းနစ်ဆွာရက်ဇ်ကို ခေါ်ယူဖို့ စီစဉ်ထားတယ်လို့ Calciomercato က ဖော်ပြခဲ့ပါတယ်။ ဖာဘရီဂတ်စ်နဲ့ချယ်လ်ဆီးတို့ဟာ ရာသီကုန်မှာ စာချုပ်သက်တမ်းပြည့်တော့မှာ ဖြစ်ပြီး အေစီက ဖာဘရီဂတ်စ်အတွက် ပေါင် ၁၁သန်းကို ပေးချေလိုခြင်းမရှိတာကြောင့် ရာသီကုန်ထိ စောင့်ဆိုင်းသွားမှာဖြစ်ပါတယ်။ ဖာဘရီဂတ်စ်နဲ့ အကြိုသဘောတူညီမှု မရရှိခဲ့ဘူးရင် ဆွာရက်ဇ်ကို ခေါ်ယူဖို့ ကြိုးပမ်းသွားမယ်လို့ သိရပါတယ်။

လီဗာပူး

ရှာကီရီဟာ လီဗာပူးအသင်းအတွက် အရေးပါတဲ့ ကစားသမား ဖြစ်နေပြီလို့ ကစားသမားဟောင်းကြီး ဆောင်းနက်က စကိုင်းစပေါ့မှာ ပြောကြားသွားပါတယ်။ “သူက အသင်းအတွက် တံခါးတွေကို ဖွင့်ပေးနိုင်သူ.. ဘောလုံးပေးပို့မှုတွေအတွက် အမြင်ရှိတယ်.. နည်းစနစ်လည်း ကောင်းတယ်” လို့ ချီးကျူးသွားခဲ့တာပါ။

အဲဗာတန်ကို နောက်ကျဦးဆောင်ဂိုးနဲ့ အနိုင်ရအပြီး ယာဂင်ကလော့ပ်ရဲ့ ပြင်းပြတဲ့ အောင်ပွဲခံမှုဟာ လီဗာပူးပရိသတ်တွေကြား ရေပန်းစားနေပါတယ်။ ကလော့ပ်ဟာ ကွင်းထဲမှာ ပတ်ပြေးကာ အောင်ပွဲခံခဲ့တာဖြစ်ကာ ဒါဟာ ယခင်နှစ်တွေက နိုင်ပွဲတွေအပေါ် ဒေါသကြီးကြီး အောင်ပွဲခံတဲ့ ကလော့ပ်ရဲ့ ငယ်ပုံစံကို ပြန်မြင်ရတာဖြစ်သလို ကလော့ပ်က အခုချိန်ထိ မပြောင်းလဲသေးပါဘူးလို့ အစီအစဉ် တင်ဆက်သူတွေက ရယ်ရယ်မောမော ပြောဆိုခဲ့ကြပါတယ်။

အဲဗာတန်ကို အိမ်ကွင်းအန်ဖီးမှာ ၁-၀ အနိုင်ရတဲ့ပွဲမှာ လီဗာပူးအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် 96 မိနစ်မှာ အိုရီဂီက သွင်းယူပါတယ်။ အစောပိုင်းမှာတုန်းက အိုရီဂီဟာ အပိုင်အခွင့်အရေးကို 2 ကိုက်အကွာကနေ ပိတ်သွင်းရာမှာ လွဲချော်ခဲ့ပေမယ့် သူ့ရဲ့အမှားကို အနိုင်သုံးမှတ် ရစေမှုနဲ့ ပယ်ဖျက်နိုင်ခဲ့ပါတယ်။ မာဆေးဆိုဒ်ဒါဘီမှာ သွင်းဂိုး 3 ဂိုးထိ ရထားတာကြောင့် အိုရီဂီဟာ လီဗာပူးကစားသမားဘဝ သွင်းဂိုးတွေထဲမှာ အဲဗာတန်ကို အများဆုံးသွင်းထားနိုင်တာဖြစ်လာပါတယ်။

စပါး

တော်တင်ဟမ်ကစားသမား ဒိုင်ယာဟာ ဒါဘီပွဲ ပထမပိုင်းမှာ ခြေပဂိုးသွင်းယူအပြီး အာဆင်နယ်ကစားသမားတွေနဲ့ ရုတ်ရင်းဆန်ခတ်ဖြစ်မှုမှာ ရမ်ဆေးကို အော်ဟစ်ပြောဆိုလိုက်တာက ‘အရန်ခုံမှာပဲ သွားထိုင်နေ’ လို့ ဖြစ်ပါတယ်။

မန်နေဂျာပိုချက်တီနိုက ခံစစ်သမား ဂျန်ရဲ့ ဒုတိယအဝါကဒ်ဟာ မထိုက်တန်ပါဘူးလို့ ပွဲအပြီး ငြင်းချက်ထုတ်သွားပါတယ်။ သူကတော့ အဖြစ်အပျက်ကို မြင်ခဲ့ရပြီး ဗာတွန်ဂမ်ဟာ ဘောလုံးကို ပုံမှန်အတိုင်း ထိခဲ့တာဖြစ်ပေမယ့် အပြုအမှုပိုင်းက အန္တရာယ်များခဲ့တာဖြစ်တယ်လို့ တုန့်ပြန်ပါတယ်။

မန်ချက်စတာယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ဟာ စပိန်သား ဂိုးသမား ဒီဂီယာကိုသာ လက်လွှတ်ရပါက အစားထိုးဖို့ အဲဗာတန် ဂိုးသမား ပစ်ဖို့ဒ်ကို ပစ်မှတ်ထားနေတယ်ဆိုတဲ့ သတင်းများ ထပ်မံတွေ့လာရပါတယ်။ ယူနိုက်တက်ဟာ ပစ်ဖို့အတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၇၀ ထိ ပေးဖို့ အသင့်ရှိနေတယ်လို့ ဆိုပါတယ်။

ဒီရာသီမှ အိုးထရက်ဖို့ဒ်သို ပြောင်းရွှေ့ကြေး ပေါင် ၅၂ သန်းနဲ့ ရောက်လာတဲ့ ဘရာဇီးသား ကွင်းလယ်ကစားသမား ဖရက်က ပွဲကစားခွင့် များများစားစား မရတဲ့အတွက် မော်ရင်ညိုအပေါ် ဒေါသထွက်မိကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

မန်စီးတီး

မန်စီးတီးတိုက်စစ်သမား ရာဟင်းစတားလင်းက အက်တီဟက်မှာ ကစားသမားကောင်းတွေနဲ့ အတူ ကစားဖြစ်နေသော်လည်း သူ စောင့်ကြည့်အားပေးဖြစ်နေတဲ့ ကစားသမားနဲ့ အသင်းအကြောင်း လတ်တလော အင်တာဗျူးမှာ ပြောကြားသွားပါတယ်။ စတားလင်း အမြဲ စောင့်ကြည့်ဖြစ်နေတာကတော့ ပီအက်စ်ဂျီအသင်းနဲ့ ဘရာဇီးသား နေမာ ဖြစ်ပါတယ်။

အေးဂျက်ကစားသမားဟောင်းကြီး Ronald de Boer က မန်စီးတီးအသင်း စောင့်ကြည့်နေတဲ့ အေးဂျက်ကစားသမား ဒီဂျောင်နဲ့ ဒီလစ်တို့ကို မန်စီးတီးအသင်းထက် ဘာစီလိုနာအသင်ကို ရွေးချယ်ဖို့ အကြံပြုသွားပါတယ်။ အေးဂျက် ကစားဟန်ဟာ ဘာစီလိုနာနဲ့ ဆင်တူတဲ့အတွက် ဟော်လန်သားနှစ်ယောက် ဘာစီလိုနာမှာ အထိုင်ကျဖို့ ပိုမိုလွယ်ကူလိမ့်မယ်လို့ ၄င်းက ဆိုပါတယ်။

မန်စီးတီး ကွင်းလယ်ကစားသမား ဘာနာဒိုဆေးလ်ဗားကတော့ စီးတီးဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကထက်တောင် ပိုကောင်းတဲ့ အသင်းဖြစ်လာနေပြီး တင်ထားတဲ့ စံချိန်တွေကို ထပ်မံချိုးဖျက်နိုင်မယ်လို့ ယုံကြည်ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

အခြား

ပီအက်စ်ဂျီအသင်းဟာ ဇင်းနစ်အသင်းရဲ့ ကစားသမား လီအန်ဒရိုပါရက်ဒက်စ်ကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ အသင်းက ထွက်ခွာခဲ့တဲ့ တီယာဂိုမော့တာရဲ့ နေရာကို အစားထိုးဖို့ ပါရာဒက်စ်က အသင့်တော်ဆုံးကစားသမားလို့ ပီအက်စ်ဂျီက ယုံကြည်နေပြီး Paris United သတင်းဌာနရဲ့ ဖော်ပြချက်အရ အသက် (၂၄)နှစ်ကစားသမားကို ခေါ်ယူဖို့ အသင်းကိုယ်စားလှယ်ကို စေလွှတ်ထားတယ်လို့ သိရပါတယ်။ ပါရာဒက်စ်ရဲ့ တန်ကြေးကတော့ ပေါင် ၂၂သန်းခန့် ရှိတယ်လို့လည်း ဆိုပါတယ်။

အီတလီစီးရီးအေမှာတော့ အေစီမီလန်အသင်းက ပါးမားအသင်းကို အိမ်ကွင်းမှာ နှစ်ဂိုးတစ်ဂိုးနဲ့ အနိုင်ယူပြီး အဆင့် (၄) နေရာမှာ ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။

ရိုးမားနဲ့အင်တာမီလန်အသင်းတို့ရဲ့ ပွဲစဉ်မှာတော့ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်သွင်းဂိုးတွေကို တွေ့မြင်ခဲ့ရပြီး နှစ်ဂိုးစီသရေနဲ့ အမှတ်ခွဲယူသွားခဲ့ပါတယ်။

ဟီရိုနာအသင်းကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ကစားခဲ့တဲ့ အက်သလက်တီကိုအသင်းကတော့ ပြိုင်ဘက်အသင်းကို ပင်နယ်တီနဲ့ ဦးဆောင်ဂိုးပေးခဲ့ရပြီး ပွဲကစားချိန် (၈၂) မိနစ်ကျမှ ပြိုင်ဘက်ကစားသမား ရာမယ်လ်ဟိုရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမိတဲ့ ဂိုးကြောင့် အဝေးကွင်းမှာ သရေတစ်မှတ် ပြန်လည်ရရှိခဲ့ပါတယ်။

ဘာစီလိုနာအသင်းကတော့ ဗီလာရီးရဲယ်အသင်းကို အိမ်ကွင်းမှာ ပီကေး လူငယ်ကစားသမား အယ်လီနာတို့ရဲ့ သွင်းဂိုးတွေနဲ့ အတူ နှစ်ဂိုးဂိုးမရှိနဲ့ အနိုင်ရပြီး အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

ပြင်သစ်လီဂူးမှာတော့ PSG အသင်းက ဘော်ဒိုးအသင်းကို အဝေးကွင်းမှာ သရေသာ ကစားနိုင်ခဲ့ပြီး ရာနှုန်းပြည့်နိုင်ပွဲဆက်စံချိန် ရပ်တန့်သွားခဲ့ရပါတယ်။ PSG အသင်းအတွက် သွင်းဂိုးတွေကို နေမာ အမ်ဘာပေတို့က သွင်းယူပေးခဲ့ပြီး ပွဲအပြီးမှာ တစ်ဖက်နှစ်ဂိုးစီသရေနဲ့ ပြီးဆုံးခဲ့ရပါတယ်။

Don Balon ရဲ့ ဖော်ပြချက်အရ ဘာစီလိုနာအသင်းဟာ ပီအက်စ်ဗွီအသင်း ကစားသမား လိုဇာနို နဲ့ ဂျီနိုအာတိုက်စစ်မှူး ပီယာတက်ခ်တို့ကို သူတို့ရဲ့ ပစ်မှတ်ကစားသမားစာရင်းထဲ ထည့်သွင်းထားတယ်လို့ သိရပါတယ်။ မက်ဆီကို ထောက်ပံ့ပေးနိုင်ဖို့နဲ့ အသင်းရဲ့ တိုက်စစ်ပိုင်းမှာ ဂိုးသွင်းစွမ်းရည်ရှိသူတွေကို ပေါင်းစပ်ဖို့ ဘာစီလိုနာက တိုက်စစ်အားသန် ကစားသမားတွေကို ခေါ်ယူဖို့ စီစဉ်နေတာလည်း ဖြစ်ပါတယ်။