လီဗာပူးအသင်းဟာ ဒီနွေမှာ ရီးရဲလ်မက်ဒရစ်အသင်းက ကြယ်ပွင့် ကစားသမား ၂ ဦးကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း ဒေးလီးမေလ်းက ဖော်ပြပါတယ်။

ဒီအပတ်မှာပဲ အာနယ် ဆလော့ကို နည်းပြသစ်အဖြစ် တရားဝင် မိတ်ဆက်ပေးထားတဲ့ လီဗာပူးအသင်းဟာ နယ်သာလန်သားနဲ့အတူ အသင်းကို တိုးတက်လာရေး ကိစ္စတွေအတွက် နောက်ကွယ်မှာ အလုပ်စလုပ်နေပြီဖြစ်ကြောင်း ထုတ်ဖော်ထားပါတယ်။

အဆိုပါ ကိစ္စတွေထဲမှာ လူသစ် ခေါ်ယူရေး ကိစ္စလည်း ပါဝင်နေကာ မနှစ်ကရာသီ အဆင့် ၃ နေရာနဲ့ ရာသီသိမ်းခဲ့တဲ့ လီဗာပူးအသင်းက ဆုဖလား စိန်ခေါ်မှုတွေထဲ ပြန်ဝင်လိုနေဆဲဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ဒီနွေမှာ ရီးရဲလ်စတားတွေဖြစ်တဲ့ ရိုဒရီဂိုနဲ့ အာဒါ ဂူလာတို့ နှစ်ဦးကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာပါ။ လာလီဂါနဲ့ ချန်ပီယံလိဂ်ဖလား ပိုင်ရှင် ရီးရဲလ်မက်ဒရစ်ဘက်က ကစားသမားတွေကို ရောင်းထုတ်မလားဆိုတာက မသေချာသေးပါဘူး။

ရိုဒရီဂိုဟာ ရီးရဲလ်မက်ဒရစ်အတွက် မနှစ်ကရာသီ လာလီဂါ ၃၄ ပွဲမှာ ၁၀ ဂိုး သွင်းယူခဲ့သူဖြစ်တယ်။ အမ်ဘာပေနဲ့ အန်းဒရစ်တို့ ရောက်လာခြင်းကြောင့် တိုက်စစ်မှာ သူ ပါဝင်ခွင့်ရမယ့် အနေအထားက မသေချာတော့ဘူး ဖြစ်လာပါတယ်။

ဂူလာကတော့ မက်ဒရစ်မှာ ပွဲကစားချိန် နည်းပါးနေသူဖြစ်ကာ တစ်ရာသီလုံးမှာ ၁၀ ပွဲပဲ ကစားထားနိုင်ပြီး ၆ ဂိုး သွင်းယူထားသူ ဖြစ်ပါတယ်။

လီဗာပူးအသင်းကတော့ မနှစ်ကရာသီ ဖလားပြိုင်ပွဲတွေကနေ ဆက်တိုက် ထွက်ရစေတဲ့ တိုက်စစ်ပိုင်း ဖြုန်းတီးမှုတွေကို ဖြေရှင်းနိုင်ရေး လူသစ်တွေဖြင့် အစားထိုးလိုနေဟန် ရှိပါတယ်။