မန်ယူဟာ လာမယ့်နှစ် ပရီးမီးယားလိဂ် ရာသီအဖွင့်ပွဲစဉ်ဖြစ်တဲ့ သြဂုတ်လ ၁၁ ရက်နေ့မှာ စူပါဆန်းဒေးမှာတော့ ချယ်ဆီးအသင်းနဲ့ အိမ်ကွင်းမှာ ထိပ်တိုက် ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။

နွေဈေးကွက်မှာ ကစားသမားအင်အားဖြည့်မှုတွေ အကြီးအကျယ်လုပ်မယ်လို့ သတင်းထွက်ထားပေမယ့် လက်ရှိ အချိန်ထိ ဂျိမ်းတစ်ဦးကိုပဲ ခေါ်ယူထားနိုင်တာပါ။ ဒါပေမယ့်လည်း ထိပ်ဆုံး ၆ သင်းမှာတော့ ပထမဆုံး ခေါ်ယူမှု လုပ်ထားနိုင်တာဖြစ်တယ်။

စီနီယာခံစစ်သမားကြီး လင်ဒီအော့ကတော့ နောက်ထပ် နာမည်ကျော် ကစားသမားကောင်းတွေ အသင်းကို ရောက်လာဦးမယ်လို့ မျှော်လင့်နေပြီး သူတို့တွေနဲ့အတူ ပေါင်းစပ်ကာ ရာသီသစ်အတွက် ပြိုင်ပွဲဝင်ဖို့ မစောင့်နိုင်အောင်ဖြစ်နေပြီလို့ ဆိုပါတယ်။

လင်ဒီအော့က “ နွေဈေးကွက် တကယ်ကို စိတ်လှုပ်ရှားစရာပါပဲ။ ထိပ်တန်း ကစားသမားတွေ ကျွန်တော်တို့နဲ့ လာပူးပေါင်းမှာကို စဉ်းစား ရင်ခုန်ရတာက အရသာ ရှိလှပါတယ်။ လက်ရှိ အသင်းသမားတွေကလည်း ရာသီသစ်မှာ အကောင်းဆုံး ခြေစွမ်းပြဖို့ စိတ်အားထက်သန်နေကြပါတယ် ” လို့ ပြောခဲ့ပါတယ်။

လာမယ့် ဘောလုံးရာသီမှာ အကြီးမားဆုံး အပြောင်းအလဲတစ်ခုက ပရီးမီးယားလိဂ်အသင်းတွေဟာလည်း ဆောင်းရာသီ အားလပ်ရက်ရရှိတော့မှာ ဖြစ်ပါတယ်။ အင်္ဂလန်လိဂ်ရဲ့ နာမည်ကျော် ခရစ္စမတ်ကာလ ပွဲကြပ်ပွဲဆက်တွေကို ဒီနှစ်မှာတော့ မြင်ရတော့မှာ မဟုတ်ပါဘူး။

အဆိုပါ စည်းမျဉ်းနဲ့ ပက်သက်ပြီး လင်ဒီအော့က “ ခရစ္စမတ်မှာ အခြားသော လိဂ်အသီးသီးက အသင်းတိုင်းဟာ ဆောင်းရာသီ အားလပ်ရက်ရကြပါတယ်။ အင်္ဂလန်မှာတော့ နားရက်မရပဲ ပွဲကြပ်တွေ အများအပြားကို ကစားရလေ့ ရှိပါတယ်။ ရေရှည်အတွက် ကောင်းမွန်ခြင်း မရှိပါဘူး။

အင်္ဂလန်လိဂ်က ဘောလုံးသမားတွေ၊ နည်းပြတွေအနေနဲ့လည်း အခြားသော ပြိုင်ပွဲတွေလိုပဲ ထိုက်သင့်တဲ့အားလပ်ရက်မျိုး ရရှိဖို့ လိုအပ်ပါတယ်။ စည်းမျဉ်းသစ်နဲ့ ပက်သက်ပြီး အားလုံးလည်း ကျေနပ်ကြမှာပါ ” လို့ ဆိုသွားခဲ့ပါတယ်။