လာမယ့် ၁၀ ရက်အတွင်း ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ မြစ်သာမြစ် အပါအဝင် မြန်မာနိုင်ငံအနှံ့က မြစ်တွေရဲ့ မြစ်ရေမျက်နှာပြင်ဟာ မြို့ပေါင်း ၄၀ ကျော်မှာ လက်ရှိရေအမှတ်ထက် အနည်းဆုံး ၁ ပေ ကနေ ၁၀ ပေအထိ မြင့်တက်လာနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ပြောလာပါတယ်။
ဒီမြို့တွေထဲက မြို့ပေါင်း ၂၀ ကျော်မှာ မြစ်ရေဟာ စိုးရိမ်ရေအမှတ်ထက် ကျော်လွန်နေတာကို မိုးဇလရဲ့ ဇူလိုင်လ ၁ ရက် ကြေညာချက်တွေအရ သိရပါတယ်။
လက်ရှိမှာ မြစ်ကြီးနားမြို့မှာ ရဲ့ စိုးရိမ်ရေမှတ်ထက် ၄ ပေကျော်နေတဲ့ ဧရာဝတီမြစ်ရေဟာလည်း နောက် ၁၀ ရက်အတွင်း ၆ ပေကနေ ၁၀ ပေထိ ထပ်ပြီး မြင့်တက်လာနိုင်တယ်လို့ မိုးဇလက ဆိုထားပါတယ်။
ဇူလိုင်၁ရက်နေ့မနက်ပိုင်း သိရမှုမှာ မြစ်ကြီးနားမြို့ရဲ့ ကြက်ပေါင်ခြံ၊ မြို့သစ်ကြီး၊ရမ်ပူ၊ လယ်ကုန်း၊ ကချင်စု၊ မြို့မ ရပ်ကွက်တွေအပါအဝင် မြစ်ကြီးနား မြို့မဈေးထဲပါ ရေဝင်နေပြီဖြစ်ပါတယ်။
ဧရာဝတီမြစ်ရေဟာ ဗန်းမော်၊ ရွှေကူ၊ ကသာ၊ သပိတ်ကျင်း၊ မန္တလေး၊ စစ်ကိုင်းနဲ့ မြင်းမူမြို့တွေမှာလည်း ဒီအတိုင်းဆက်မြင့်တက်လာနိုင်တယ်လို့ ဆိုပါတယ်။
ကချင်ပြည်နယ် မြစ်ကြီးနား၊ ဝိုင်းမော်နဲ့မြို့ရွာတချို့မှာတော့ ကယ်ဆယ်ရေးမလုံလောက်လို့ ပြည်သူထောင်ကျော် ပိတ်မိနေတယ်လို့ ဒေသတွင်း သတင်းတွေကဆိုကြပါတယ်။