မနှစ်ကရာသီမှာ တောက်ပတဲ့ ခြေစွမ်းတွေ ပိုင်ဆိုင်ခဲ့တဲ့ ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းအသင်းမှ ကွင်းလယ်ကြယ်ပွင့် ဖာနန်ဒက်စ်ကို ခေါ်ယူဖို့ ကြိုးစားနေတဲ့ အသင်းတွေထဲမှာ မန်ယူအသင်းက အခြားသော ပြိုင်ဘက်တွေကို အသာရနေဆဲလို့ သိရပါတယ်။

ပရီးမီးယားလိဂ် ပြိုင်ဘက်တွေဖြစ်တဲ့ မန်စီးတီး၊ စပါးနဲ့ မန်ယူတို့ဟာ နွေအပြောင်းအရွှေ့မှာ ကစားသမားခေါ်ယူမှုတွေအတွက် ကြိုတင်ချိတ်ဆက်မှုတွေ ပြုလုပ်လာနေကြပြီး ကွင်းလယ်လူတစ်ဦးကို တူညီစွာ ချိန်ရွယ်နေပြီး ဖာနန်ဒက်စ်ကို နွေအပြောင်းအရွှေ့မှာ ခေါ်ယူဖို့ ကြိုးစားနေတာပါ။

မနှစ်က နွေအပြောင်းအရွှေ့မှာ ကွင်းလယ်လူသစ် အားဖြည့်မှုအဖြစ် ရှက်တာဒိုးနက်အသင်းမှ ဖရက်ကို ခေါ်ယူထားပေမယ့် အထိုင်မကျဖြစ်နေလို့ မန်ယူဟာ နောက်ထပ် ကွင်းလယ်လူသစ်တစ်ဦးကို ရှာဖွေနေပါတယ်။ ဖာနန်ဒက်စ်ကို သဘောတွေ့နေပေမယ့် စပါးဘက်က မြင့်မားတဲ့ ကမ်းလှမ်းမှုကို အရင်လုပ်ခဲ့လို့ ပြောင်းရွှေ့ကြေးက မြင့်မားဖို့ ရှိနေပါတယ်။

ဖာနန်ဒက်စ်ဟာ ပြီးခဲ့ရာသီက ပေါ်တူဂီကလပ်အတွက် သွင်းဂိုးကော ဂိုးဖန်တီးမှုပါ မြင့်မားစွာ ပြုလုပ်နိုင်ခဲ့သူဖြစ်ပါတယ်။ ၂၄ နှစ် အရွယ်ရှိပြီဖြစ်တဲ့ ဖာနန်ဒက်စ်ကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေမှုမှာ မန်စီးတီးကတော့ နောက်ဆုတ်သွားပြီဖြစ်လို့ မန်ယူနဲ့ စပါးတို့ပဲ အဓိက ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

မန်ယူပရိသတ်တွေကတော့ ကွင်းလယ်မှာ လောင်းစတပ်နဲ့ အခြားသော ကွင်းလယ်လူတွေထက် ပေါက်ကွဲအား ပိုကောင်းပြီး တိုက်စစ်ကိုလည်း ပိုလိုက်ပါနိုင်တဲ့ ဖာနန်ဒက်စ်ကို ခေါ်ယူပေးဖို့ တောင်းဆိုမှုတွေ ရှိထားတာဖြစ်ပါတယ်။